ဘုန်းဘုန်း နှစ်သစ်အနေနဲ့ တိုင်းသူပြည်သား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာအောင် မေတ္တာပွားနည်း (၁၁)နည်းပြောပါမယ်။ မေတ္တာပွားနည်း (၁၁)နည်းကို မေတ္တသုတ်၌ မြတ်စွာဘုရားက ဟောကြားထားပါတယ်။ 

၁။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ သတ္တဝါတွေအားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ။ 

၂။ ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။
ကြောက်တတ်တဲ့သတ္တဝါ၊ မကြောက်တတ်တဲ့သတ္တဝါ ဆိုပြီးအဲဒီလိုသတ္တဝါတွေ နှစ်ပုံ ပုံပြီးတော့ ပွားပါတယ်။ ကြောက်တတ်တဲ့သတ္တဝါဆိုတာ ပုထုဇဉ်တွေ၊ သောတာပန်၊ သကဒါဂါမ်တွေ။ မကြောက်တတ်တာက ရဟန္တာ ပုဂ္ဂိုလ်ကြီးတွေ မကြောက်တတ်ပါဘူး။ အနာဂါမ်ပုဂ္ဂိုလ်ကြီးတွေလည်း မကြောက်တတ်ပါဘူးနော်။ ။ 

၃။ ရှည်တိုအလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ရှည်တယ်ဆိုတာ မြွေကြီးတွေ၊ နဂါးကြီးတွေ အဲဒီလိုရှည်တဲ့ သတ္တဝါတွေ။ တိုတယ်ဆိုတာလိပ်ကလေးတွေ၊ ကြွက်ကလေးတွေ အဲဒီလိုတိုတဲ့ သတ္တဝါတွေ။ လူတွေ၊ ကျွဲတွေ၊ နွားတွေက အလတ်စားတွေ။ အဲဒီလို(၃)မျိုးခွဲပြီးတော့ သတ္တဝါတွေ မေတ္တာပွားပါ။ 

၄။ ကြီးငယ်အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ။

ကြီးဆိုတာ ဆင်ကြီးတွေ၊ ဝေလငါးကြီးတွေ အဲဒီလို ခန္ဓာကိုယ်ကြီးတဲ့ သတ္တဝါတွေက တစ်ပုံ၊ ငယ်တဲ့သတ္တဝါတွေ ခြင်ကလေးတွေ၊ ပုရွက်ဆိတ်ကလေးတွေ၊ ယင်လေးတွေ အဲဒီလိုငယ်တဲ့သတ္တဝါတွေက တစ်ပုံ၊ အလတ်စား သတ္တဝါတွေက တစ်ပုံ သုံးပုံပုံပြီး မေတ္တာပွားပါ။ 

၅။ ဆူကြုံအလတ်သုံးရပ်ခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။

ဆူတယ်ဆိုတာက ဝတာပေါ့။ ဝတဲ့သတ္တဝါ၊ ပိန်တဲ့ သတ္တဝါ၊ အလတ်စားသတ္တဝါ သတ္တဝါတွေကို သုံးပုံပုံပြီးတော့ လူဆိုရင်လည်း လူကြီးတွေတစ်ပုံ၊ လူပိန်လေးတွေ တစ်ပုံ၊ အလတ်စားတစ်ပုံ၊ ဒီပြင်သတ္တဝါတွေဆိုရင်လည်း အဲဒီလိုပဲ အဝစား၊ အပိန်စား၊ အလတ်စား သုံးပုံ ပုံပြီးတော့ မေတ္တာပွားတာ။ 

၆။ မြင်အပ် မမြင်အပ်သတ္တဝါတွေ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ။ သတ္တဝါတွေ ဒိဋ္ဌ၊ အဒိဋ္ဌ၊ ဒိဠာဝါယေဝါအဒိဋ္ဌာ ယေဝဒူ ရေဝသန္တိအဝိဒူရေ။

ဒိဋ္ဌဆိုတာ မျက်စိနဲ့မြင်ကောင်းတဲ့ သတ္တဝါ လူတွေ၊ ကျွဲတွေ၊ နွားတွေ၊ သတ္တဝါတွေ။ အဒိဋ္ဌဆိုတာ မျက်စိနဲ့ မမြင်ကောင်းတဲ့ တစ္ဆေတွေ၊ သရဲတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ။ မြင်အပ်တဲ့သတ္တဝါနဲ့ မမြင်အပ်တဲ့သတ္တဝါဆိုပြီး နှစ်ပုံ ပုံပြီးတော့ မေတ္တာပွားပါ။ 

၇။ ဝေးနေနီးနေ နှစ်ထွေများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ။ အဝေးမှာနေတဲ့ သတ္တဝါတွေ၊ ကိုယ့်အနီးအနားနေတဲ့ သတ္တဝါတွေ နှစ်ပုံ ပုံပြီးတော့ သတ္တဝါတွေကိုကျန်းမာပါစေ၊ ချမ်းသာပါစေလို့ မေတ္တာပွား။ 

၈။ ဘဝဇာတ်ဆုံး မဆုံးများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဘဝဇာတ်ဆုံးဆိုတာက ရဟန္တာပုဂ္ဂိုလ်တွေ ဘဝဆုံး ပြီ၊ သူတို့ သေရင် နိဗ္ဗာန်ပဲသွားရမှာ ကျန်တဲ့ပုထုဇဉ်တွေ၊ သောတာပန်တွေ၊ သကဒါဂါမ်တွေ၊ အနာဂါမ်တွေကတော့ မဆုံးသေးတဲ့သတ္တဝါတွေ။ အဲဒီတော့ ဘဝဇာတ်ဆုံးတဲ့ ရဟန္တာတွေက တစ်ပုံ၊ ကျန်တဲ့ သတ္တဝါတွေက တစ်ပုံ ပုံပြီးတော့ မေတ္တာပွား။ 

၉။ လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။

လူတစ်ယောက်နဲ့ တစ်ယောက်လိမ်တယ်ညာတယ်နဲ့ ဒုက္ခရောက်ကြတယ်။ လိမ်ညာတော့ ထောင်ကျ၊ သေ၊ ဒါကြောင့် လှည့်ပတ်ခြင်း၊ လိမ်ခြင်း၊ ညာခြင်း မရှိကြပါစေနဲ့ လို့ဆိုပြီးတော့ မေတ္တာပွားတာ။  

၁၀။ အထင်သေးခြင်း အချင်းချင်းကင်းရှင်းကြပါစေ။

လူတစ်ယောက်နဲ့ တစ်ယောက် တချို့က အထင်သေးတယ်။ ဒီကောင် ဘာမှ မသိဘူး၊ “က”ပုဒ်လောက် ရေးပြ တာတောင် မသိတဲ့ကောင်၊ အလကား လူ့အညံ့စားတွေ၊ ပိုက်ဆံကလည်း ဘာမှမရှိဘူး စသည်ဖြင့် အထင်သေးကြ တယ်။ အထင်သေးရင် အမှားဆုံးတဲ့။ အထင်မသေးရဘူး။ 

၁၁။ ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ။ ။

လူတစ်ယောက်နဲ့ တစ်ယောက် ဆင်းရဲလိုတယ်။ တစ်ယောက်က ဆင်းရဲတာကို အခြားတစ်ယောက်က အလိုရှိရင် သတ္တဝါတွေ ဒုက္ခရောက်တတ်တယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဆင်းရဲတာကို အလိုမရှိကြပါစေနဲ့။

မေတ္တာပွားနည်း (၁၁)နည်း ပွားစည်းကြပါစေ။ သတ္တဝါတွေအားလုံး အဲဒီလိုမေတ္တာ ပွားနည်း (၁၁)နည်းနဲ့  ပွားရင် သတ္တဝါတွေကုန်ပါတယ်။ သတ္တဝါတွေ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထားပြီဆိုရင် လူတွေ၊ နတ်တွေ ဗြဟ္မာတွေရှိတဲ့ သတ္တဝါတွေ တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုလို၊ မောင်နှမလို၊ သားသမီးလို ချစ်ခင်ကြတယ်။ လေးစားကြတယ်ဆိုရင် တိုင်းပြည်ကြီးလည်း အေးချမ်းသာယာ၊ ကမ္ဘာသူကမ္ဘာသားတွေလည်း အေးချမ်းသာယာသွားမယ်။

အဲဒါကြောင့် နှစ်သစ်မင်္ဂလာမှာနှစ်ကူးမင်္ဂလာအနေနဲ့ မေတ္တာပွားနည်း (၁၁)နည်းကို ကြိုးစားပြီးပွားများနိုင်ကြ ပါစေ။ မေတ္တာပွားနည်း (၁၁) နည်းပွားများတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ကိုယ့်သားလေး၊ ကိုယ့်သမီးလေးလို ကိုယ့်သူငယ်ချင်းမိတ်ဆွေအရင်းတွေလို ချစ်ခင်ပြီးတော့ တိုင်းပြည်အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်က လည်း ချစ်ချစ်ခင်ခင်အုပ်ချုပ်ကြပါ။ တိုင်းသူပြည်သားတွေကလည်း ကိုယ့်အစိုးရဆိုပြီး ချစ်ချစ်ခင်ခင်ရှိကြပါ။ အဲဒီလို ချစ်ချစ် ခင်ခင်ရှိကြတဲ့အခါ တိုင်းသူပြည်သားတွေ၊ ကမ္ဘာသူကမ္ဘာသားတွေ ကျန်းမာချမ်းသာ ကြင်ကြင် နာနာရှိပြီးတော့ ဘုန်းကျက်သရေနဲ့ ပြည့်စုံကြပါစေ၊ အားလုံး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတွေ အားထုတ်နိုင်ကြပါစေကုန် သတည်း။