တနင်္သာရီ ဇွန် ၂၆

နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း(၁၂၀၀)ဖြင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၂)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်ထံမှ သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ကျေးရွာ(၁)ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများကို သာရဖုံကျေးရွာအုပ်စု သာရဖုံ(အရှေ့)ရွာ၊ သိန်ခွန်းကျေးရွာအုပ်စု သိန်ခွန်းရွာနှင့် သဲဖြူရွာ၊ ဆင်ခြေဖုံးကျေးရွာအုပ်စု လယ်တောင်ယာရွာ၊ သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းရွာနှင့် ခြောက်မိုင်ရွာ၊ ကျောက်တစ်လုံးကျေးရွာအုပ်စု မြေမအုံ၊ ဇဝဲကျေးရွာအုပ်စု ဆန်းသစ်ရွာ၊ တမုတ်ချုံကျေးရွာအုပ်စု ရေဖြူရွာနှင့် ကမ္မလိုင်းရွာ၊ ချောင်းလမုကျေးရွာအုပ်စု ချောင်းလမုရွာ၊ ဘန်းလမွတ်ကျေးရွာအုပ်စု ဘန်းလမွတ်ရွာ စသည့်ကျေးရွာပေါင်း (၁၂)ရွာတို့တွင် စီမံကိန်းပံ့ပိုးရန်ပုံငွေ စုစုပေါင်း ငွေကျပ်သိန်း(၁၂၀၀)ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ကျေးလက်လမ်းခင်းခြင်း၊ အခြေခံအဆောက်အအုံ ပြုပြင်တည်ဆောက်ခြင်း စသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက နည်းပညာပေးခြင်း၊ ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ရွာသူ၊ ရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ အဓိကလိုအပ်ချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲကာ အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ဖွဲ့စည်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် တိုင်းတာခြင်းများကို ဇွန် ၂၀ ရက်မှ ၂၅ ရက်အထိ တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက အဆိုပါကျေးရွာများသို့ အဖွဲ့(၂)ဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းလုပ်ငန်းများ ပြီးစီးသွားပါက အိမ်ခြေ(၂၈၇၃)အိမ်၊ လူဦးရေ (၁၄၆၆၀)ဦးတို့ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်ထံမှ သိရသည်။

မြင့်ဦး(မြိတ်)