နေပြည်တော် မေ ၂၇
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဒေသတစ်ဝိုက်၌ နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြု ကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၎င်းတို့၏နေ့စဉ်လူမှုစီးပွားဘဝများတွင် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်း သာယာရေးအတွက်အသက်ကိုပဓာနမထားဘဲ ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေး တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သား ကောင်းတပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက အောင်သပြေခက်များဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


