နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၁

မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၊ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါ ရှိ သက်တော်ရှည် ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိရာ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးအား ကျန်းမာရေးစစ်ဆေးပေးထားမှုများနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးထားသည့် အခြေအနေများကို ကြည့်ရှုမေးမြန်းရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို အလေးထားမှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့် ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းပြီး ဖူးမြော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်