နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်(၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
နိုင်ငံတော်နှင့် ပြည်သူများ အားထားရသည့် တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှုပေးနေသော စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၅

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး တက်ရောက်သည်။

တက်ရောက်

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ နှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်ရုံး)နှင့် ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်း များက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြသည်။

ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပင်မ အဆောက်အအုံရှိ Auditorium ခန်းမ၌ LED Animation ပြသ၍ စတင်ဖွင့်လှစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “ထာဝရမြန်မာ့အသံ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြ သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် က MRTV DVB-T2 နှင့် MRTV DTH စနစ်တို့တွင် ပုဂ္ဂလိကရုပ်သံလိုင်း Channel အသစ်သုံးခုဖြစ်သည့် Uni TV HD Channel၊ SNDSY Entertainment HD Channelနှင့် Channel 24 တို့ စတင်တိုးချဲ့ ထုတ်လွှင့်မှုနှင့် ပုဂ္ဂလိက DTH ရုပ်သံဝန်ဆောင်မှု လုပ်ငန်းအသစ် ဖြစ်သည့် Softtech – DTH စနစ် စတင်ထုတ်လွှင့်မှုတို့ကို စက် ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် “နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကို ပြသသည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားသည့် နိုင်ငံတော် မီဒီယာဌာနတစ်ခုဖြစ် ကြောင်း၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ကျေပွန်ခဲ့ပြီး ခေတ်နှင့် အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်သည့် ဌာနတစ်ခုအဖြစ် နှစ်(၈၀) ပြည့်တိုင် သမိုင်းမော်ကွန်း မှတ်တိုင်ကို ဝံ့ကြွားစွာ စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါတွင် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် နုပျိုသစ်လွင်၍ သွက်လက် ထက်မြက်ပြီး ဆန်းသစ်ခေတ်မီ သည့် နိုင်ငံတော်မီဒီယာပုံစံအသစ်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် မူလရည်မှန်းချက်(၃)ရပ် ဖြစ်သည့် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်နှင့် ဖျော်ဖြေပေးရန်တာဝန်များကို စဉ်ဆက်မပြတ် ထုတ်လွှင့် တင်ဆက်ပေးနိုင်ခဲ့ကြောင်း။

 ထို့ပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် မီဒီယာကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲဝံ့ စွန့်စားစွာ ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား တပ်စခန်း နေရာများအထိ သွားရောက်ဖျော်ဖြေ၍ စိတ်ဓာတ် ခွန်အားမြှင့်တင်ပေးခြင်း၊ သဘာဝဘေးဒဏ်ကျရောက်ခဲ့သည့် ဒေသများနှင့် ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည့် ပြည်သူများ အပန်းဖြေ စိတ်ခွန်အားသစ်များရရှိစေရန် ဖျော်ဖြေပေးခြင်း အပါအဝင် နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ တိုးတက်အောင်မြင်စေရန် တက်ကြွစွာပါဝင်ဆောင်ရွက် နေသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း။

 အလားတူ တိုင်းရင်းသား လူမျိုးပေါင်းစုံ အေးအတူပူအမျှ ကာလရှည်ကြာစွာ လက်တွဲ နေထိုင်ခဲ့ကြသည့် မိမိတို့နိုင်ငံ အပေါ် ပြည်တွင်းပြည်ပမှ ဆန့်ကျင် ဘက်မီဒီယာများက နည်းမျိုးစုံ အသုံးပြု လုပ်ကြံဝါဒဖြန့်ကာ နိုင်ငံတော်ပြိုကွဲအောင် ဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အချင်းချင်း ယုံကြည် လေးစားမှု၊ နားလည်မှုများ အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ကြရမည် ဖြစ်ပြီး မီဒီယာကဏ္ဍမှလည်း လုပ်ကြံဝါဒ ဖြန့်မှု၊ သတင်းတု သတင်းမှားများကို မီဒီယာစွမ်းအားဖြင့်ချေဖျက်ပြီး သတင်းမှန် ပြန်ကြားပေးနိုင်အောင် အလေးထားဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း။

ခေတ်အဆက်ဆက် MRTV ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မီဒီယာကဏ္ဍမှ တာဝန်ကျေပွန်ခဲ့ ကြသကဲ့သို့ မျိုးဆက်သစ်ဝန်ထမ်း များ အနေဖြင့်လည်း သမိုင်းပေး တာဝန်များကို ကျေပွန်စွာ ဆက်လက် ထမ်းရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ အားထားရသည့် တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှု ပေးနေသော စတုတ္ထမဏ္ဍိုင်တစ်ခု ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်းနှင့် နှစ်(၈၀) ပြည့်မှသည် ရှေ့ရာစုနှစ်ပေါင်း များစွာတိုင် အောင်မြင်မှုများစွာဖြင့် ရှင်သန်ရပ်တည်နိုင်ပါစေဟုဆုမွန်ကောင်း တောင်းအပ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ် (၈၀)ပြည့် အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်း/ပြည်ပပြိုင်ပွဲ များတွင် ထူးချွန်ဆုရရှိခဲ့ကြသူများ နှင့် နယ်မြေအခြေအနေအရ ခေတ္တရပ်နားခဲ့ရသော ဒေသများရှိ ရုပ်သံလွှင့်စက်ရုံများ အမြန်ဆုံး ပြန်လည် ထုတ်လွှင့်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နိုင်ငံတော်သံစုံတီးဝိုင်း၊ နိုင်ငံတော် ဆိုင်းဝိုင်းကြီးနှင့် ခေတ်ပေါ် တေးဂီတအဖွဲ့တို့ဖြင့် တွဲဖက်၍ အနုပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံ ထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်(၈၀)ပြည့် အထိမ်း အမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်