နိုင်ငံတိုးတက်စေမည့် စီးပွားရေးဦးတည်

ဇွန် ၂၂၊ ၂၀၂၂

စီးပွားရေးမူဝါဒပြောင်းလဲမှု သို့မဟုတ် ဈေးကွက်စီးပွားရေးစနစ် ဖြစ်တည်မှုသည် နိုင်ငံ၏ နိုင်ငံရေးပုံစံပြောင်းလဲမှုနှင့် ထက်ကြပ်မကွာ လိုက်ပါပြောင်းလဲနိုင်မှသာ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘဝများကို ပုံဖော်ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံ၏စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဆယ်စုနှစ်ကာလ ကြာမြင့်နိုင်မည် ဖြစ်သော်လည်း လက်ငင်းလိုအပ်ချက်နှင့် လိုက်လျောညီထွေရှိမည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းဆောင်ရွက်ကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးစိန်ခေါ်မှုများကြားမှ နိုင်ငံ့စီးပွား ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ၏ လက်ငင်းလိုအပ်ချက်များဖြစ်သော ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းတွင် နိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေရန် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကြီးမားသောနိုင်ငံရေး စိန်ခေါ်မှုနှင့်အတူ ထပ်တူလိုက်ပါလာသော စီးပွားရေး ပြဿနာများ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရသည် တိုတောင်းလှသော အချိန်ကာလအတွင်း နိုင်ငံ့စီးပွားရေးကို ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ခဲ့ရာ တိုးတက်မှုများ ရှိလာသည်ကို တွေ့ရသည်။ ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းကာလအတွင်း ပြည်ပချေးငွေများနှင့် ကုန်သွယ်မှုလိုငွေများ ရှိခဲ့သည်။ တပ်မတော်က နိုင်ငံ့တာဝန်ကို ခေတ္တရယူ ထိန်းသိမ်းဆောင်ရွက်ပြီးနောက် နိုင်ငံရေးကိုအကြောင်းပြု၍ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်လာခဲ့ရာ ဘဏ်လုပ်ငန်းများ တုံ့ဆိုင်းသွားခဲ့သည်။ စိုးရိမ်ပူပန်မှုများကြောင့် အပ်ငွေများကို ပြန်လည်ထုတ်ယူခြင်း၊ စီးပွားရေးအရ တိုက်ခိုက်ရန်အတွက် ဘဏ်များရှိ ငွေကြေးများကို ထုတ်ယူခြင်းနှင့် ငွေကြေးများကို သတ်မှတ်စည်းကမ်းများအတိုင်း ဆောင်ရွက်ခြင်းမပြုသောကြောင့် ငွေကြေးကဏ္ဍကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

ယခုအခါတွင် ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီ ဖြစ်သော်လည်း ပြည်သူများ၏ ပုံမှန်ဆောင်ရွက်မှု၊ ဘဏ်ဝန်ထမ်းများ အခက်အခဲရှိမှုများကြောင့် အသားတကျ မဖြစ်သေးပေ။ သို့သော် အခြေအနေအရပ်ရပ်သည် တဖြည်းဖြည်း တိုးတက်မှုများ ရှိလာသည်ကို တွေ့ရသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အစိုးရပိုင် အခန်းကဏ္ဍနှင့် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍတို့ရှိရာ အစိုးရအနေဖြင့် ကုန်သွယ်မှုပိုငွေများ ဖြစ်ပေါ်ခဲ့သော်လည်း ပုဂ္ဂလိကကဏ္ဍတွင် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် စည်းကမ်းမလိုက်နာသော ပုဂ္ဂလိကလုပ်ငန်းများအား အမည်မဲစာရင်းဖြင့် အရေးယူ ဆောင်ရွက်ခဲ့ရသည်။

နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ ပုံမှန်လည်ပတ်ရေးအတွက် အစိုးရအနေဖြင့် သတိကြီးကြီးထားကာ စနစ်တကျ ဆောင်ရွက်ခဲ့ရသည်။ နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်လာစေရန်အတွက် ကုန်သွယ်မှုနှင့်ပတ်သက်၍ အချို့သော အဓိကမကျသည့် ကုန်ပစ္စည်းများတင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့ပြီး လိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းမှုကို ပြုလုပ်လျက်ရှိသည်။ ထိုသို့အဘက်ဘက်က စနစ်တကျ ဆောင်ရွက်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၂ ခုနှစ် မေလအထိ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၁၄၀ သန်း ဖြစ်ပေါ်ခဲ့သည်။ ယခင်လက်ထက်များက ပြည်ပသို့ပေးဆပ်ရန် ချေးငွေများ ရှိနေသေးသဖြင့် ပြည်ပသုံးငွေ လျော့ကျပြီး နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့ရမည်။

နိုင်ငံတစ်နိုင်ငံသည် မည်သည့်အခြေအနေရှိသည်ဖြစ်စေ စီးပွားရေးကောင်းမွန်မှသာ အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ စီးပွားရေးကို အဓိကတွန်းအားပေး ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ အဘက်ဘက်တွင် စိန်ခေါ်မှုများ များစွာရှိသော်လည်း နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရန်အတွက် စီးပွားရေးကို အစွမ်းကုန် မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် ထိန်းသိမ်းကြပ်မတ်မှုများကို ဆောင်ရွက်ခြင်းများနှင့်အတူ ပုဂ္ဂလိကပို့ကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းစီးပွားရေး တိုးတက်လာစေရန် အားပေးဆောင်ရွက်ခြင်းနှင့် ပြည်ပသို့ကုန်ကြမ်းများ တင်ပို့ခြင်းထက် ကုန်ချောများတင်ပို့နိုင်အောင် ကြိုးစားကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေကို မြန်မာနိုင်ငံသားများသာ အသိရှိဆုံးဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ကို ကာကွယ်ရေးတွင် မြန်မာနိုင်ငံသားများသည် အဓိကဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဟု ဆိုထားသည်။ ယခုအခါ နှစ်ပေါင်း ၇၀ ကျော် မငြိမ်းချမ်းသော ပြည်တွင်းရေးကိစ္စများနှင့် ပြည်ပအရေးကိစ္စများ၏ အကျိုးဆက်များကို ပြည်သူများ လက်တွေ့ခံစားကြရသည်။ နိုင်ငံတော်ကို အချိန်ယူကာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ လက်ငင်းအကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရက ပထမဦးစားပေး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းမှုများတွင် အားလုံးတက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။         ။

ကြေးမုံ