နေပြည်တော် ၁၄ အောက်တိုဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရနှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် အောက်တိုဘာလ ၈ ရက်နေ့ နှင့် ၉ ရက်နေ့တို့တွင် တိုကျိုမြို့၌ ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ သွားရောက်၍ အာဆီယံခေါင်းဆောင်များ စုဝေးပွဲသို့တက်ရာက်ခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် နိုင်ငံတကာအစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးနိုင်ခြင်းကြောင့် ဒေသတွင်း၌ ညီမျှသည့်သာယာဝပြောမှုနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်လျင်မြန်စွာ ရရှိနိုင်ရေးအတွက် အထောက်အကူဖြစ်ပေလိမ့်မည်။

 

ယင်းသို့ နိုင်ငံ့ခေါင်းဆောင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် အလားအလာကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ချက်များကို ပြည်သူ ပြည်သားများအနေဖြင့် သိရှိနားလည်သဘောပေါက်ပြီး ရရှိလာမည့်၊ ပေါ်ထွန်းလာမည့် အခွင့်အလမ်းကောင်းများအပေါ် မူတည်၍ ပူးပေါင်းလက်တွဲကာ ဝိုင်းဝန်းကြိုးပမ်း ပါဝင်ဆောင်ရွက်ကြဖို့ အားထုတ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် နိုင်ငံ့ခေါင်းဆောင် များ၏ ဦးဆောင်လမ်းပြမှုနှင့် ဖန်တီးဖော်ဆောင်ပေးမှုများတွင် တက်ညီလက်ညီ လိုက်ပါဆောင်ရွက်ကြရမည် ဖြစ်သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်း စဉ်များတွင် ဂျပန်နိုင်ငံက ဆက်လက်၍ အကူအညီများ ပေးအပ်သွားမည့် ကိစ္စများ၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ အထူးသဖြင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု၊ ရေကြီးရေလျှံမှုလျော့ကျစေရေး၊ ရေဆိုး စွန့်ပစ်စနစ်များ ကောင်းမွန်လာစေရေးအတွက် ဂျပန်ယန်းငွေ ၇၀
ဘီလီယံ ပံ့ပိုးမည့် စီမံချက်နှစ်ခု အကူအညီပေးရန် အတည်ပြုသည့်ကိစ္စများကို ဆွေးနွေးနိုင်ခဲ့သည်။

 

ထို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများ၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်နေရာချထားနိုင်ရန် အိမ်ရာများ ဆောက်လုပ်ပေးသွားမည့် ကိစ္စများနှင့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ရေနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာစေရေးအတွက် ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့သည်။

 

မြန်မာနိုင်ငံအပေါ် ဤကဲ့သို့ အပြုသဘောဆောင်ပြီး အကောင်းမြင်စိတ်ထားရှိသည့် မိတ်ဆွေနိုင်ငံများ၊ အာဆီယံမိသားစုဝင်နိုင်ငံများ အားလုံးသာမက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် အပါအဝင် ကမ္ဘာ့မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက် မှုများကို အသိအမှတ်ပြုရမည် ဖြစ်သလို ကျေးဇူးလည်းတင်ကြရမည်ဖြစ်သည်။ ထိုသို့ ဖေးမကူညီလက်တွဲ ဆောင်ရွက်ပေးမှုများနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများကြောင့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းလာစေလိမ့်မည်ဟု ယုံကြည်ပါသည်။

 

သို့ဖြစ်ရာ လက်ရှိအချိန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရန်အတွက် နိုင်ငံ့ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများ၊ မိတ်ကောင်း ဆွေကောင်း နိုင်ငံများ၊ အဖွဲ့အစည်းများ၏ ကူညီဆောင်ရွက်ပေးနေမှုများကို ပြည်သူ ပြည်သားအားလုံးအနေဖြင့် ထဲထဲဝင်ဝင် သိရှိနားလည်သဘောပေါက်ပြီး စိတ်ဝမ်းမကွဲပြားဘဲ နိုင်ငံ့အကျိုးအတွက် ညီညီညွတ်ညွတ် လက်တွဲ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ