နေပြည်တော် ၁၅ ဒီဇင်ဘာ

နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးအတွက် ပြည်သူလူထု၏ ဆောင်ရွက်နိုင်မှုများကို အများပြည်သူသို့ အသိပညာပေးရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို မြှင့်တင်ရန်ရည်ရွယ်၍ “Breaking the Culture of Corruption” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမေရိကန်သံရုံးမှ ဦးအောင်ပြည့်အောင်က Moderator အဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်၊ ပွင့်လင်းမြင်သာ လူထုလှုပ်ရှားမှုအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းနှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ စီမံကိန်းနှင့် ဆက်သွယ်ရေးအရာရှိ ဒေါ်ဖြူဖြူဇင်တို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနှင့် သတင်းမီဒီယာကဏ္ဍများမှ မည်သို့ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း ပါဝင်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အကြောင်း၊ တာဝန်နှင့် လုပ်ဆောင်ချက်များ၊ အဖြစ်များသော အဂတိလိုက်စားမှုများနှင့် ထိုအမှုများ လျော့ကျရေးအတွက် ကော်မရှင်၏ တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးဆိုင်ရာ ကြိုးစားအားထုတ်မှုများ၊ ကော်မရှင်၏ရှေ့အနာဂတ်တွင် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်