ကော့သောင်း ၂၀  အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ သူဌေးကျွန်းဟိုတယ်တွင် ရောက်ရှိနေသည့် Miss Grand International 2018 ပြိုင်ပွဲဝင်နိုင်ငံတကာ အလှမယ်များ ယမန်နေ့ နံနက်ပိုင်း က ကော့သောင်းခရိုင်၊ အက်ဒမန်ပင်လယ်အတွင်းကျွန်းများသို့ လေ့လာရေးသွားရောက်ခဲ့ကြကြောင်း သိရသည်။

 

 

လေ့လာရေးခရီးစဉ်အဖြစ် နိုင်ငံတကာ အလှမယ်များ နှင့် အုပ်ချုပ်သူတာဝန်ရှိအဖွဲ့ဝင်များသည် ရှေးဦးစွာ   Grand Andaman  Group of Companies  မှ ဆောင်ရွက်လျှက်ရှိသည့် ငလုံးလက်ဖယ်ကျွန်း (ခေါ်) ပြင်စကျွန်း ရှိ Grand Andaman ပုလဲမွေးမြူရေးစခမ်းသို့ရောက်ရှိရာ  ဦးမျိုးဝင်းသန်း(Grand Andaman Hotel Group ) က မုတ်ကောင်များအတွင်း မှပုလဲမွေးမြူထုတ်လုပ်ပုံ အဆင့်ဆင့်လုပ်ငန်းခွင်များအတွင်း လိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် ပုလဲထုတ်လုပ်မည့် မုတ်ကောင်များမွေးမြူခြင်းလုပ်ငန်းခွင် နှင့် ပုလဲမွေးမြူခြင်းလုပ်ငန်းနှင့်ပတ်သက်သည်များကို လိုက်လံပြသခဲ့သည်။

 

 

ယင်းနောက် ညောင်ဦးဖီးကျွန်းသို့ရောက်ရှိကာ TZK  Hotel & Tours Co.Ltd မှဆောင်ရွက်လျှက်ရှိသည့် ညောင်ဦးဖီး Hotel & Resort သို့ရောက်ရှိပြီး ကျွန်းပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေ့မှုအခြေအနေများ၊ သာယာလှပသည့်သဘာဝပတ်ဝန်းကျင်များအား လိုက်လံလေ့လာခဲ့ကြပြီး ကျွန်းပေါ်တွင်တစ်နေ့တာအနားယူအပန်းဖြေခဲ့ကြသည်။ 

 

 

အဆိုပါ Miss Grand International 2018 ပြိုင်ပွဲအား  နိုင်ငံ၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ၊ သဘာဝအလှများ၊ ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများ၊ ၊ မိမိနိုင်ငံ၏ပြုပြင်ပြောင်းလဲနေမှုများ အား နိုင်ငံတကာသို့ပြသရန်၊ စစ်ပွဲများနှင့်အကြမ်းဖက်မှုများရပ်တံ့ရေး နှင့် နိုင်ငံတော်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေး ရည်ရွယ်ကာ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)