တိုကျို နိုဝင်ဘာ ၁၆
ခရီးသွားဧည့်သည်များအတွက် နယ်စပ်ထိန်းချုပ်မှု ဖြေလျှော့ပေးရေးနှင့်အညီ ဂျပန်အစိုးရသည် ၎င်း၏ ဆိပ်ကမ်းများကို နိုင်ငံတကာ အပျော်စီးဇိမ်ခံသင်္ဘောများအတွက် ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများကို ကာကွယ်ရန်နှင့် အစုလိုက်ဖြစ်ပွားခြင်းကိုတုံ့ပြန်ရန် ချမှတ်ထားသော ဆောင်ရွက်ချက်များကို လိုက်နာနေသမျှ ကာလပတ်လုံး သင်္ဘောများကို ဝင်ထွက်သွားလာခွင့် ပြုနေဦးမည်ဖြစ်ကြောင်း ခရီးသွားဝန်ကြီးဌာနက ပြောကြားလိုက်သည်။
သံသယဖြစ်ဖွယ်ဖျားနာမှုများကို သင်္ဘောပေါ်တွင် တွေ့ရှိပါက သင်္ဘောဆိုက်ကပ်ရပ်နားခြင်း မပြုခင် ကန့်သတ်မှု ထိန်းချုပ်သည့်အရာရှိကို သတင်းပို့ရမည်ဖြစ်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများနှင့် သီးသန့်ခွဲခြား နေထိုင်မှုများကို ပြုလုပ်ရမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် တိုကျိုအနီး ယိုကိုဟားမား၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသည့် ခရီးသွားများ လိုက်ပါလာသည့် သင်္ဘောတစ်စင်း ရပ်နားဆိုက်ကပ်ချိန်မှစပြီး နောက်ပိုင်းတွင် ဂျပန်နိုင်ငံသည် နိုင်ငံတကာ အပျော်စီးဇိမ်ခံသင်္ဘောများ ဆိုက်ကပ်ရပ်နားခြင်းကို တားမြစ်လိုက်သည်။
စီးပွားရေးလုပ်ငန်းများသည် သတ်မှတ်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာသွားမည်ဟု မျှော်လင့်ကြောင်း၊ သို့မှသာ ဂျပန်နိုင်ငံတွင် ပြည်သူများ ပျော်ရွှင်ဖွယ်သင်္ဘောခရီးစဉ်များကို စိတ်ချလက်ချ စီးနိုင်မည်ဖြစ်ကြောင်း ခရီးသွားဝန်ကြီး ဆိုင်တို တက်ဆုအိုက ပြောကြားလိုက်သည်။
အင်န်အိတ်ချ်ကေ