ရန်ကုန် ၁ သြဂုတ်
ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်း ဟီဂါရှီခါဝါမြို့တွင် ကျင်းပသော နိုင်ငံတကာ အထက်တန်းကျောင်းသားအဆင့် ဓါတ်ပုံပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန်အတွက် ဇူလိုင်(၃၁)ရက် ည၉ နာရီ ၄၅မိနစ်က ရန်ကုန်မြို့မှဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
ဓာတ်ပုံပြိုင်ပွဲအတွက် ဓါတ်ပုံဆရာ ဦးဇော်မင်း (Gts) ၏ ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် အထက်တန်း ကျောင်းများမှ ဓါတ်ပုံပညာဝါသနာပါသော ကျောင်းသားကျောင်းသူများအား ရွေးချယ်၍ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး သင်တန်းအောင်မြင်သူများထဲမှ ထူးချွန်သော မောင်ဟန်ထူးပိုင်၊ မောင်ကောင်းခန့်ဆုလင်း၊ မမေမြတ်နိုးဦး (၃) ဦးတို့အား ယခုနှစ်ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ကို ဓါတ်ပုံဆရာစိုင်းခမ်းဟိန်း နည်းပြအဖွဲ့ခေါင်းအဖြစ် တာဝန်ယူလိုက်ပါဆောင်ရွက်ကာ နိုင်ငံပေါင်း (၂၄) နိုင်ငံ ပါဝင်ယှဉ်ပြိုင်သည့် ဓါတ်ပုံပြိုင်ပွဲကို သြဂုတ်(၂)ရက်မှ သြဂုတ်(၈)နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြု လူငယ်(၃)ဦးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ထက်ဝင်း၊ မြန်မာနိုင်ငံဓာတ်ပုံဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊ လက်ထောက်ပညာရေးမှူး ဦးစံလင်း၊ သင်တန်းမှူးဦးလှဝင်းပါ အဖွဲ့ဝင်များနှင့် ကျောင်းသား/သူမိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်၊ နိုင်လင်း



