နယူးဒေလီ   ၆  ဇွန်

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဇွန် ၄ ရက်တွင် နိုင်ငံတကာကာကွယ် ဆေးမိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ် သည့် ဂါဗီသို့ အမေရိကန်ဒေါ်လာ ၁၅ သန်း ထည့်ဝင်မည်ဖြစ်ကြောင်း ကတိပေးပြောကြားလိုက်သလို အွန်လိုင်းကမ္ဘာ့ကာကွယ်ဆေးထိပ်သီး ညီလာခံ-၂၀၂၀ သို့လည်း တက်ရောက် ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြလိုက်သည်။

ယခုလိုစိန်ခေါ်မှုများနှင့်  ရင်ဆိုင်နေရသောကာလတွင် အိန္ဒိယသည် ကမ္ဘာကြီးနှင့် တစည်းတလုံးတည်း ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီက အစည်းအဝေးတွင် ပြောကြားသည်။

ဂါဗီသည် ကမ္ဘာ့မိတ်ဖက်အဖွဲ့ တစ်ခုဖြစ်ရုံမက ကမ္ဘာ့စည်းလုံးမှုကို ဖော်ပြသည့် သင်္ကေတတစ်ခုဖြစ်ကြောင်း၊ တခြားသူများကို ကူညီခြင်းသည် မိမိကိုယ်လည်း ကူညီရာရောက်ကြောင်း စသည်ဖြင့် ဂါဗီသို့ ရည်ညွှန်း၍ အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီက ပြောကြားလိုက်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံသည် လူဦးရေထူထပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွင် အကန့်အသတ် ရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံခြင်း၏ အရေးပါပုံကို အပြည့်အဝ နားလည်ကြောင်း မိုဒီက ဆက်လက်ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ကာကွယ်ဆေးဖြန့်ဝေခြင်းစနစ်တစ်ခုလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းနှင့် ပြောင်းလဲအကောင်အထည်ဖော်လာသော စနစ်တစ်ခုလုံးကို စောင့်ကြည့်ရန် နည်းပညာမြင့် ကာကွယ်ဆေးစုံစမ်း ထောက်လှမ်းမှု ကွန်ရက်ကိုလည်း တိုးတက်အောင် လုပ်ဆောင်နေကြောင်း အိန္ဒိယဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။

ယခုလို တီထွင်လုပ်ဆောင်လာခြင်းကြောင့် မှန်ကန်သည့်အချိန်၊ မှန်ကန်သည့်နေရာသို့ မှန်ကန်သည့် ဆေးပမာဏများကို နောက်ဆုံးအချိန်အထိ လုံခြုံစိတ်ချစွာ ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

ဆင်ဟွာ