အင်းဝ ၈ စက်တင်ဘာ
စက်တင်ဘာ ပထမပတ်အတွင်း အင်းဝဘက်သို့ နိုင်ငံတကာ ခရီးသွားဧည်သည်များ စက်လှေဖြင့် သွားလာမှု ပိုမိုများပြားလာပြီး တစ်နေ့လျှင် အနည်းဆုံး ခရီးသွားဧည့်သည် (၃၀ဝ)ကျော် သွားလာလျက်ရှိကြောင်း သိရသည်။
နှစ်စဉ် သတ်မှတ်ခေါ်ဝေါ်မှုများအရ စက်တင်ဘာလကို ဒေသအခေါ်အဝေါ်အားဖြင့် စပိန်ရာသီဟုပင် ခေါ်လေ့ရှိသည်။ ထိုရာသီတွင် အိုးတုတ္တန်းမှ အင်းဝဘက်သို့နေ့စဉ် အနည်းဆုံး နိုင်ငံတကာ ခရီးသွားဧည့်သည် ၃၀ဝ ကျော် စက်လှေဖြင့် သွားရောက်လေ့ရှိသည်။ ခရီးသည် တစ်ဦးလျှင် စက်လှေခ အသွားအပြန် ငွေကျပ် ၁၅၀ဝ ကျပ်ပေးရသည်။
ယခင်က စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ခရီးသွားဧည့်သည် လာရောက်မှု များပြားလေ့ရှိပြီး ယခုနှစ်တွင် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု များပြားလျက်ရှိကာ အများစုမှာ တရုတ်လူမျိုးများဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လမှစတင်ကာ ခရီးသွားဧည့်သည် လာရောက်မှုများပြားလာပြီး လက်ရှိ စက်တင်ဘာလမှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ ခရီးသွားဧည့်သည် လာရောက်မှု ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။
မန္တလေးမြို့ရောက် နိုင်ငံတကာ ခရီးသွားဧည့်သည်အများစုမှာ မန္တလေး၊ အင်းဝ၊ စစ်ကိုင်းနှင့် မင်းကွန်းဒေသများသို့ အများဆုံး သွားရောက်လည်ပတ်လျက်ရှိရာ အင်းဝဘက်သို့ သွားသည့်အခါ အိုးတုတ္တန်းမှ စက်လှေဖြင့်ကူးကာ သဘာဝ အလှအပများကို ကြည့်ရှုကြကြောင်း သိရသည်။
တိမ်တမန်


