ရန်ကုန် ၁၄ စက်တင်ဘာ
    

စက်တင်ဘာ (၂၁) ရက်တွင် ကျရောက်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Green & Grow Group Myanmar နှင့် မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်း ကျောက်ဆည်မှ ကင်းထောက်လူငယ်များ၊ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲကို စက်တင်ဘာ (၁၃)ရက် ညနေပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့ရှိ မြို့နယ်ခုတင် ၁၀ဝ ဆံ့ ပြည်သူ့ဆေးရုံ ဧရိယာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
    

အဆိုပါ အခမ်းအနားသို့ Green & Grow Group Myanmar မှ နာယက၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်းမှ တည်ထောင်အုပ်ချုပ်သူ ဆရာမ ဒေါ်သင်းပျံ့ကြူနှင့် ကင်းထောက်မောင်မယ်များ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး အရိပ်ရသစ်ပင်များအား စိုက်ပျိုးခဲ့ကြသည်။
    

ထို့အပြင် စိုက်ပျိုးပြီးသစ်ပင်များ ရေရှည်တည်တံ့ ရှင်သန်ရေးအတွက် မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်းမှ တစ်နှစ်တာအတွက် ပြုစုပျိုးထောင် ထိန်းသိမ်းစရိတ် ကျပ် ၃၅၀ဝဝဝ ကို Green & Grow Group Myanmar သို့ လှူဒါန်းခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေမှ လက်ခံသည်။
    

မေတ္တာ ကိုယ်ပိုင်အထက်တန်းကျောင်း (ကျောက်ဆည်)မှ ကင်းထောက်လူငယ်များ သာမက ကျောင်းသားကျောင်းသူများလည်း ပါဝင်ပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၃၀)ခန့်က အပင်ပေါင်း (၁၀ဝ)ခန့်ကို Green & Grow Group Myanmar မှ စေတနာ့ ဝန်ထမ်းများ အကူအညီဖြင့် စိုက်ပျိုးခဲ့ကြကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။


သတင်းစဉ်

 

1