၁၇ ဩဂုတ်

အာရှဘောလုံးအဖွဲ့ချုပ်နှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်တို့က ကျင်းပမည့် ဖူဆယ်ကလပ်ပြိုင်ပွဲများတွင် မြန်မာ နိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ကလပ်အသင်းများကို သြဂုတ် ၁၇ ရက်က အတည်ပြု ရွေးချယ် လိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် သြဂုတ် ၁၇ ရက်က MFF ရုံး၌ အစည်းအဝေးပြုလုပ်ပြီး နောက် နိုင်ငံတကာ ဖူဆယ်ကလပ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ချန်ပီယံအသင်းကို အာရှဖူဆယ်ကလပ်ပြိုင်ပွဲ နှင့် ၂၀၁၉ MFF Open Cup ပြိုင်ပွဲ ချန်ပီယံအသင်းကို အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုရန် ဆုံးဖြတ်ထားသော်လည်း ပြိုင်ပွဲနှစ်ခုစလုံးတွင် MIU အသင်းက ဗိုလ်စွဲခဲ့သောကြောင့် ပြိုင်ပွဲတစ်ခုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

MIU ဖူဆယ်အသင်းသည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ၂၀၂၁ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လိဂ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် VUC အသင်းက အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင်ကျင်းပမည့်ပြိုင်ပွဲအားလုံးကို ဖျက်သိမ်းခဲ့သောကြောင့် MIU အသင်းသည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့်အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင်မှ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်မှာမူ ၂၀၂၀ အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲကို ဒီဇင်ဘာတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့်ကျင်းပရန် မသေချာသေးဘဲ လာမည့်နှစ်သို့ ပြောင်းရွှေ့ခဲ့ပါကလည်း VUC အသင်းသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

MIU အသင်းသည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ငါးကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းြဖစ်ပြီး ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် လေးကြိမ်စလုံး တတိယဆုရရှိခဲ့သည်။ VUC အသင်းမှာမူ အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် သုံးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၈ နှင့် ၂၀၁၉ ပြိုင်ပွဲတွင် နှစ်ကြိမ်စလုံး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

 

DSC_0564