ရန်ကုန် ၁၈ ဇွန်

 

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် JOOX မှ နိုင်ငံတကာ တေးဂီတပွဲတော်နေ့ (World Music Day) ကိုအွန်လိုင်းမှ ပြည်တွင်း၊ ပြည်ပ အနုပညာရှင်များ၊ အဆို‌တော်များ‌ ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်‌ကြောင်း သိရသည်။

 

“The Sound of Happiness” ဟု အမည်ပေးထားသည့် အဆိုပါဂီတပွဲတော်ကို ဇွန် ၂၁ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီမှ စတင်ကာ ကျင်းပသွားမည်ဖြစ်ပြီး JOOX အက်ပလီကေးရှင်းမှတစ်ဆင့် LIVE ထုတ်လွှင့်သွားမည်ဖြစ်‌ကြောင်း သိရသည်။

 

“တစ်ကမ္ဘာလုံးမှာ COVID-19 ရဲ့ အကျိုးသက်ရောက်မှုဟာ တော်တော်လေးကြီးမားပြီး အကူအညီ လိုအပ်တဲ့သူတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ JOOX အနေနဲ့ မြန်မာ ဂီတပရိသတ်တွေအတွက် သူတို့လိုအပ်နေတဲ့ တိုက်ရိုက်ဖျော်ဖြေမှုဆီက စိတ်လှုပ်ရှားတက်ကြွမှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်။ JOOX အက်ပလီကေးရှင်းမှ ရရှိတဲ့ ငွေကြေးများကို ကိုဗစ်-၁၉ ရန်ပုံ‌ငွေအတွက် လှူဒါန်းသွားမယ်” ဟု JOOX Myanmar မှ Mr. Zhang က ပြောသည်။                  

 

“The Sound of Happiness” ဂီတပွဲတော်တွင် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေနှင့် ချမ်းမြေ့မောင်ချိုတို့က ပါဝင်ဖျော်ဖြေသွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ အဆိုတော်များဖြစ်သည့် Ruel၊ Alexander 23၊ Circa Waves၊ Mxmtoon၊ Conor Matthews၊ Gracie Abrams၊ Griff၊ JC Stewart နှင့် Maximillian တို့လည်း ပါဝင်မည် ဖြစ်သည်။ Pop၊ R&B၊ Hip Hop နှင့် Rock စသည့် ခေတ်ပေါ်တေးဂီတ အမျိုးအစားများစွာနှင့် ဖျော်ဖြေသွားမည်ဖြစ်သည်။

 

၁၉၈၂ ခုနှစ်တွင် နိုင်ငံတကာ တေးဂီတပွဲတော်နေ့ကို ပြင်သစ်နိုင်ငံ၌ စတင်ပြုလုပ်ကျင်းပခဲ့ပြီး နှစ်စဉ် ဇွန် ၂၁ ရက်တိုင်း ကျင်းပပြုလုပ်ခဲ့သည်။ ပြီးခဲ့သောနှစ်များတွင် ကမ္ဘာတစ်ဝန်း မြို့ပေါင်း ၁၀၀၀ ကျော်ရှိ အများပြည်သူကြည့်ရှုနိုင်သည့် နေရာများတွင် အခမဲ့ တေးဂီတပွဲ‌တော်ကြီးများကို ကျင်းပပြုလုပ်ခဲ့သည်။

 

အာကာစိုး