ဝါရှင်တန် မတ် ၁၉
နိုင်ငံတကာ အာကာသစခန်း (ISS) တွင် ပြီးခဲ့သည့်နှစ် ဇွန်လမှ စပြီး သောင်တင်နေခဲ့သော နာဆာ မှ အာကာသယာဉ်မှူးများဖြစ်သည့် ဆူနီဝီလီယံနှင့် ဘတ်ချ်ဝီ မော်ရီတို့သည် မတ် ၁၈ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အာကာသယာဉ်မှူး နှစ်ဦးသည် ၎င်းတို့၏လုပ်ဖော်ကိုင် ဖက် Crew-9 အာကာသယာဉ်မှူး များ၊ NASA အာကာသယာဉ်မှူး နစ်ခ်ဟာဂေးနှင့် Roscosmos အာကာသယာဉ်မှူး အလက်ခ်ဆန် ဂေါ်ဘန်နော့ဗ်တို့နှင့်အတူ SpaceX ၏ Dragon အာကာသယာဉ်ဖြင့် မတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်တွင် ဖလော်ရီဒါ ကမ်းရိုးတန်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဆူနီဝီလီယံနှင့် ဘတ်ချ်ဝီမော်ရီတို့သည် Boeing ၏ Starliner အာကာသယာဉ်ဖြင့် နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်ခဲ့ပြီး ဟီလီယမ်ယိုစိမ့်မှုနှင့် တွန်း ကန်မှုဆိုင်ရာ ပြဿနာများကြောင့် ပြီးခဲ့သည့် ဇွန်လကတည်းက အာကာသထဲတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် Starliner အာကာသယာဉ်၏ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် အာကာသထဲတွင် ရှစ်ရက်ကြာ ခရီးစဉ်အတွက် ကနဦးစီစဉ်ထားသော်လည်း နိုင်ငံတကာ အာကာသစခန်း၌ ကိုးလကျော်ကြာ သောင်တင်နေခဲ့သည်။
နိုင်ငံတကာ အာကာသစခန်းသို့ နာဆာ အာကာသယာဉ်မှူး အန်နီ မက်ကလိန်းနှင့် နစ်ခိုးအဲရာစ်၊ ဂျပန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီမှ အာကာသယာဉ်မှူး တာကူယာ အိုနီရှီနှင့် Roscosmos အာကာသယာဉ်မှူး ကီရေးပက်စကော့ဗ်တို့အပါအဝင် မစ်ရှင် Crew-10 အာကာသ ယာဉ်မှူးအသစ်များ ရောက်ရှိပြီးနောက် Crew-9 အာကာသယာဉ်မှူးများသည် ကမ္ဘာမြေပေါ်သို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။
Crew-9 အာကာသယာဉ်မှူးများသည် ကမ္ဘာပတ်လမ်းကြောင်းပေါ်ရှိ ဓာတ်ခွဲခန်းတွင် နေထိုင်စဉ် အတွင်း ထူးခြားသော သိပ္ပံနည်းကျစမ်းသပ်မှု ၁၅၀ ကျော်နှင့် နည်းပညာဆိုင်ရာ စမ်းသပ်မှုများ ကို နာရီပေါင်း ၉၀၀ ကျော် သုတေသနပြုခဲ့ကြောင်း နာဆာမှ ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်