လွိုင်ကော်   ၃၁    ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ်၊ နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကယားပြည်နယ်မှ အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်မောင်မယ်များ အားလုံးအနေနှင့် မိမိတို့ သင်ယူတတ်မြောက်ထားသည့် အားကစား ပညာရပ်များဖြင့် ပြည်နယ်အကျိုး၊ နိုင်ငံတော်အကျိုးအတွက် တိုးတက်သည်ထက် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ဂုဏ်ပြုထိုက်သူကို ချီးမြှင့်ဂုဏ်ပြုခြင်းဖြစ်ပြီး ယင်းသို့ ဂုဏ်ပြုပေးခြင်းဖြင့် လူငယ်မောင်မယ်များ အနေနှင့် စိတ်ဓာတ်ခွန်အားများ ရရှိကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လူငယ်မောင်မယ်များ အားလုံးကလည်း မလျှော့သောဇွဲ လုံ့လများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ အောင်မြင်သွားသည့် အားကစားသမားများကို စံနမူနာထား၍ ယင်းကဲ့သို့အောင်မြင်အောင် လိုက်ပါဆောင်ရွက်တတ်ကြရန် လိုပါကြောင်း၊ အားကစားပြိုင်ပွဲ များကို ယှဉ်ပြိုင်ရာတွင်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ သို့ဖြစ်ရာ ကိုယ်သင်ယူတတ်မြောက်ထားသည့် ပညာရပ်များ တိုးတက်အောင်ဆောင်ရွက်ကြပြီး မိမိအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးအတွက် မိမိတို့ကျရာ ကဏ္ဍများမှ အောင်မြင်အောင် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့မှ နိုင်ငံတကာအားကစား ပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရထူးချွန်အားကစားသမားများ ကိုယ်စား ရွှေတံဆိပ်ဆုရအား ကစားသမား မဖူးပွင့်သိင်္ဂီအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

mdn

 

ဆက်လက်၍ တက်ရောက်လာသည့် အားကစားသမားများမှ ကြုံတွေ့ရသည့်အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်သည်များကို  အသီးသီးတင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း ပြည်နယ်ဝန်ကြီးချုပ်မှ ယခုလိုတင်ပြသည့် အခြေအနေများကို မိမိတို့ အကြီးအကဲများအားလုံးမှ သိရှိကြရန်လိုအပ်ပါကြောင်း၊ အသုံးစရိတ်နှင့်လျော်ညီသည့် ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ပြည်ထောင်စုနှင့် ချိတ်ဆက်ပေးရမည်များကို ဆက်လက်တင်ပြ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယင်းသို့တင်ပြပေးသည့်အပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

mdn

 

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဆုရအားကစားမောင်မယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

 

လွိုင်ကော်သား

 

mdn