နေပြည်တော် ဇန်နဝါရီ ၁၅

 

နိုင်ငံတကာအဆင့်မီ စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မိတ်ဖက်ဥပဒေအဖွဲ့အစည်းမှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာရှိများအနေဖြင့် စီးပွားရေးစာချုပ် စာတမ်းများ စိစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည်ပြီး စီးပွားရေးစာချုပ်စာတမ်းများ စိစစ်အကြံပြုရာတွင် ပိုမိုထိရောက်သည့် ဥပဒေအကြံဉာဏ်များကို အချိန်နှင့်တပြေးညီ ပေးနိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ဥပဒေ အကြံဉာဏ်ပေးနိုင်စေရန်အတွက် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ နိုင်ငံတကာအဆင့်မီ စီးပွားရေးစာချုပ်စာတမ်းများ ချုပ်ဆိုခြင်းနှင့် အခြားစာချူပ်စာတမ်းများဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့တွင် အထောက်အပံ့ ဖြစ်စေနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။

 

ယခုသင်တန်းတွင် အထွေထွေစီးပွားရေးဆိုင်ရာ စာချုပ်စာတမ်း စည်းကမ်းချက်များ၊ အစုရှယ်ယာ ဝယ်ယူခြင်းစာချုပ်၊ တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်း စာချုပ်၊ ဖက်စပ်စာချုပ်များနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေး ပို့ချသွားမည်ဟု သိရှိရသည့်အတွက် ယခုသင်တန်းသို့ တက်ရောက်သည့် ဥပဒေအရာရှိများအနေဖြင့် နိုင်ငံတကာ အဆင့်မီ စီးပွားရေးစာချုပ်စာတမ်းများနှင့် အခြားစာချုပ်စာတမ်းများဆိုင်ရာ လုပ်ငန်းကိစ္စများကို သိရှိနားလည်ခြင်းအားဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေမည် ဖြစ်သောကြောင့် ယခုသင်တန်းကို သေချာမှတ်သား၍ လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း  ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ သင်တန်းသား/သူ ၆၀  တက်ရောက်ကြောင်း သိရသည်။

 

သတင်းစဉ်