ညောင်ဦး  ၁၁  ဖေဖော်ဝါရီ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေး ဌာနက ဖွင့်လှစ်ထားရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားပြီး ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ဖွင့်လှစ်ပြသ သွားမည့် နိုင်ငံတကာအဆင့်မီ ပလင်းကမ်းသာယာ ဆင်ပြတိုက် မကြာမီဖွင့်လှစ် ပြသသွားမည် ဖြစ်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက် မန်နေဂျာ) ထံမှ သိရသည်။

 

74

 

အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းအား ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ နှစ်နှစ်ပြည့်မြောက်ရန် တစ်လသာ လိုတော့ကြောင်းသိရသည်။ ဆင်များ၏သဘာဝ၊ နေထိုင်မှု၊ အလေ့အထများကို ဆင်ချစ်သူများ ပိုမိုသိနားလည်လာပြီး ပြည်သူများအနေဖြင့် ဆင်များကို ပိုမိုချစ်ခင် တန်ဖိုးထားလာတတ်စေရန်၊ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ဆင်များကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်ကို ဆင်စခန်းများ ထားရှိဖွင့် လှစ်ထားခြင်းအား လက်တွေ့ လေ့လာကြည့်ရှုခြင်းဖြင့် သိမြင်နိုင်ကာ ဆင်ဦးစီးနှင့် ဆင်တို့၏ ရင်းနှီးသည့် ဆက်နွယ်မှုကိုသိရှိနိုင်ပြီး မြန်မာ့သဘာဝ သစ်တောများတွင် တောဆင်များကို ထိန်းသိမ်း ကာကွယ်နိုင်စေရန်နှင့် ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နှင်းရေး လုပ်ငန်းများ တွင် ပြည်သူလူထု သိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီ ဆောင်ရွက်လာစေရန်၊ ဆင်များသည် ဂေဟစနစ်အား ဟန်ချက်မျှစေသည့် ကဏ္ဍတွင် အရေးပါ သည်ကို အများပြည်သူလူထု သိရှိစေရန် ရည်ရွယ်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက ရှင်းပြသည်။

 

5225

 

မကြာမီဖွင့်လှစ်ပြသသွားမည့် ပလင်းကမ်းသာယာ ဆင်စခန်းဝင်းတွင်းရှိ ဆင်ပြတိုက်ကြီးတွင် ဆင်အကြောင်း သမိုင်း၊ အာရှဆင်များ၏ နေထိုင်ကျက်စားမှု၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များနေထိုင် ကျက်စားမှု၊ မြန်မာနိုင်ငံတွင် ဆင်များနေထိုင်ကျက်စားမှု၊ အာရှဆင်နှင့် အာဖရိကဆင်တို့၏ ခြားနားချက်၊ ဆင်များ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၊ ဆင်စွယ်အကြောင်း သိကောင်းစရာနှင့် မြန်မာနိုင်ငံ တွင် ဆင်စွယ်အမျိုးအစား ခွဲခြားထားမှုများ၊ မြန်မာ့သမိုင်းတွင် ဆင်များ၏ အရေးပါမှု၊ မြန်မာနိုင်ငံမှ ဆင်ဖြူတော်များ၊ မြန်မာနိုင်ငံမှ တောဆင်များ ဆင်စွယ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် သတ်ဖြတ်ခံနေရသည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့် နေရာပြကွက်များ၊ တောဆင်ရိုင်များကို တရားမဝင် သတ်ဖြတ်၍ ဆင်နှင့်ပတ်သတ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ကမ္ဘာတွင် တရားမဝင် ဈေးကွက် ဖြစ်ပေါ်ရောင်းချနေကြပုံနှင့် ထိုသို့ပြုမူသော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်မှုများ၊ နိုင်ငံတော် အစိုးရအနေဖြင့် တောဆင်ရိုင်းများ ကာကွယ်ရေးနှင့် ဆင်နှင့်လူ ပဋိပက္ခများ ဖြေရှင်းရေး အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းပြကွက်များ၊ ကမ္ဘာ့ဆင်များနေ့အကြောင်း  သိကောင်းစရာ၊ မြန်မာ့သစ်လုပ်ငန်း၏ အရေးပေါ် တောဆင်မောင်းအဖွဲ့ ဆောင်ရွက်နေမှုများ၊ မြန်မာ့သစ်လုပ်ငန်း၏ ဆင်များကို စနစ်တကျ ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်နေမှုများ၊ ဆင်များ၏ အလေ့အထ၊ သဘောသဘာဝ၊ အမူအကျင့်နှင့် ဇီဝကမ္မဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ် လုပ်ငန်းပိုင်ဆင်များ၏ အသက်အရွယ်နှင့် အလုပ်လုပ်နိုင်စွမ်းအားကို မူတည်၍အတန်းအစားခွဲခြား ထားခြင်း၊ ဆင်ဦးစီးများ ဆင်ကိုထိန်းချုပ်နိုင်သည့် အာရုံကြောနေရာများ၊ မှိန်းသင်ကြားခြင်းဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်အမွှာပူး မွေးခဲ့သည့်မှတ်တမ်း၊ မြန်မာနိုင်ငံတွင် ဆင်ဦးစီးများ အသုံးပြုသည့် အမိန့်ပေးသံများ (စကားလုံး)များကို လေ့လာနိုင်မည်ဖြစ်ကြောင်း လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ရှင်းပြသည်။

 

ပလင်းကမ်းသာယာ ဆင်ပြတိုက်တွင် ဆင်များကို ထိန်းချုပ်ခိုင်းစေရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာ တန်ဆာပလာများ၊  တောတွင်းဆင်ဝန်ထမ်းများ နေထိုင်သည့် ဆင်ဝိုင်းပုံစံငယ် အိမ်များ၊ နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့လက်ထက်က အသုံးပြုခဲ့သည့် ဆင်မှတ်ပုံတင်စာအုပ်၊ ဆင်တစ်ကောင်ချင်းစီအတွက် အသေးစိတ် အချက်အလက်များ ရေသွင်းထားသည့် စာအုပ်ပုံစံ (ည)၊ သစ်ထုတ်ရေးဌာန၏ ဌာနဆိုင်ရာ ညွှန်ကြားလွှာ၊ အမှုထမ်းများ လိုက်နာရန် အမိန့်လက်စွဲ စာအုပ်များ၊ အမျိုးအစားမတူသည့် ဆင်စွယ်လေးစုံ၊ ဆင်သားရေ၊ ဆင်စွယ်ဖြတ်စ၊ ဆင်မြီးများ၊ အသက်(၅၆)နှစ် အရွယ်တွင် သေဆုံးခဲ့သည့် ဆင်တစ်ကောင်လုံး၏ အရိုးစုပြခန်း၊ မြန်မာ့သစ် လုပ်ငန်းမှ ဆင်ဦးစီးယူနီဖောင်းဝတ်စုံ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက် လုပ်ကိုင်နေမှုများ၊ ဆင်ဦးစီးများ၏ တောတွင်းနေထိုင်မှုဘဝစသည့် ဗီဒီယိုဖိုင်များအား ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

2.0

           

ဆင်စခန်းဝင်ကြေးအဖြစ် တစ်ထောင်ကျပ်၊ ဆင်စာတစ်ဗန်း တစ်ထောင်ကျပ်၊ ဆင်စီးခ ပြည်တွင်း လေ့လာသူများအတွက် ငါးထောင်ကျပ်နှင့် ပြည်ပမှ လာရောက်သူများအတွက် တစ်သောင်းကျပ် ကောက်ခံကာ ဆင်ပြတိုက်အား ဖွင့်ပွဲပြုလုပ်ပြီးပါက အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ် ထားရှိပေးထားမည် ဖြစ်ကြောင်း သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၏ လမ်းညွှန်ချက်များဖြစ်သည့် ပလင်းကမ်းသာယာ ဆင်စခန်း ဧရာဝတီမြစ်ဘက် အထွက် လေညှင်းခံတံတား တည်ဆောက်နေရာ လျှောက်လမ်းအရှည်ပေ (၁၁၀) ၊ တံတားပေါ်တွင် ဆဌဂံ အဆောင် (၂၄ ပေ ၃၀ပေ) တစ်ဆောင်ပါဝင်ကာ တံတားစုစုပေါင်းအရှည် (၁၃၀) ပေ၊ တံတားလျှောက်လမ်း ခန်းပွင့်အကျယ် (၈) ပေ၊ ဆဋ္ဌဂံဆောင် အခန်းဖွင့် အကျယ် (၆) ပေ၊ တံတားတိုင် ပေါင်း (၈၃) လုံးကို ကျွန်းတိုင်များဖြင့် တည်ဆောက်ပြီး ဆင်ပြတိုက်နှင့်အတူ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ (၉၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ပလင်းကမ်းသာယာ ဆင်စခန်း နှစ်နှစ်ပြည့်မြောက်သည့် (၂၈.၃.၂၀၂၀) ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရကာ ဆင်စခန်းတွင် စွယ်စုံဆင်ထီး (၃) ကောင်နှင့် ဆင်မ (၄) ကောင် စုစုပေါင်း (၇) ကောင်ရှိပြီး ဆင်စခန်းရှိ လမ်းညွှန်များအားလုံး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

/875421