ရန်ကုန် ၁ သြဂုတ်
နိုင်ငံတကာအဆင့်မီလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ပစ္စည်းပြပွဲကိုမြန်မာနိုင်ငံ၌ နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတည်တွင် PowerEx & Myanmar 2019 လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်း ပြပွဲကိုကျင်းပခဲ့သည်။
ယခုနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ပြပွဲ (၅) ကြိမ်နှင့် ဆောက်လုပ်ရေးဆိုင်ရာပြပွဲကို (၄)ကြိမ်မြောက် အဖြစ်ပြသခဲ့ပြီး ယခုပြပွဲကိုလည်းသြဂုတ်(၁)ရက်မှ(၃)ရက်နေ့ထိပြသသွားမည်ဖြစ်သည်။
“ဒီနေ့ပြပွဲမှာ လျှပ်စစ်ပစ္စည်း၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တွေ့ရတယ်။ ကျွန်တော်တို့ အင်ဂျင်နီယာတွေလည်း ဒါကိုလေ့လာခြင်းအားဖြင့် အကျိုးရှိမယ်။ မိမိတိုင်းပြည်အတွက်လည်း ဘယ်လိုဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ အမြင်တွေလည်းရလာတာပေါ့။ တချို့ကုမ္မဏီတွေဆိုရင်ဒီမှာ အခြေချပြီး လျှပ်စစ်၊စွမ်းအင်နဲ့ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေကိုလုပ်ကိုင်နေကြတာကြောင့် တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံလည်း တိုးတက်လာမှာပါ။ ပြီးတော့ ပြန်လည်ပြည့်ဖြိုးမယ့်စွမ်းအင်ကဏ္ဍ တွေကိုလည်း ပြသထားတာကြောင့် အင်ဂျင်နီယာအတွက်လည်း အကျိုးရှိစေပါတယ်”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။
ပြည်တွင်း၊ ပြည်ပမှ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေ းလုပ်ငန်းဆိုင်ရာ ကုမ္မဏီများမှ ပြခန်းပေါင်း ၇၀ ကျော်ကိုပြသထားပြီး UK ၊ USA ၊ တရုတ်၊ ဟောင်ကောင်၊ ရှန်ဟိုင်း၊မလေးရှား၊ အင်ဒိုနီးရှား၊စင်္ကာပူ၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်းတို့မှ ပစ္စည်းအမျိုးအစားပေါင်း(၁၀ဝ) ကျော်ကို ပြသထားသည်။
ယနေ့ပြပွဲတွင် သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဒဏ်ကိုခံနိုင်မည့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အဆောက်အဦများနှင့် ကျေးရွာများ မီးလင်းရေးကိုအထောက်အကူဖြစ်စေသော နေရောင်ခြည်စွမ်း အင်သုံးဓာတ်အားပေးစနစ် ဆိုလာပြားကုမ္မဏီများကို ကြည့်ရှုလေ့လာသူများ အထူးစိတ်ဝင်စားလျက်ရှိသည်။
ထို့အပြင် ကျေးလက်များတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် တိုင်းနှင့်ပြည်နယ်(၁၃)ခုကိုဝန်ဆောင်မှုပေးနေသည့် Sola Rise Sys မှဦးထွန်းမင်းလွင်က “ မင်းဘူးမှာဆိုရင်ဆိုလာကနေမီဂါဝပ်(၁၇၀)နီးပါးထုတ်ပြီး တစ်ဆင့်ပို့လွှတ်နေတာ ရှိတယ်။ကျွန်တော်တို့နိုင်ငံမှာလျှပ်စစ်မီးလိုအပ်ချက်ကိုနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်ကနေ ကျေးလက်တွေမီးလင်းနေတာအများကြီးရှိပါတယ်။ဆိုလာဟာအနှစ်(၂၀)ကနေ(၂၅)ထိခံနိုင်တယ်။ဘက်ထရီတွေလည်း ပိုပြီးခေတ်မီလာတာကြောင့် လစ်သီရမ်ဘက်ထရီဆိုရင်(၈)နှစ်ထိခံတယ်။ ဆိုလာစနစ်ဟာနိုင်ငံတစ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားကုန်ကျမှုအတွက် အထိုက်အလျှောက်ထိရောက်မှုရှိစေပါတယ်။နေရောင်ခြည်စွမ်းအင်ဖြစ်တဲ့အတွက်အခြားသော ထုတ်လုပ်မှုထက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေပါတယ်”ဟုပြေသည်။
မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း(၆၃၀ဝ၀)ကျော်ရှိရာ လျှပ်စစ်မီး(၄၆)ရာခိုင်ရရှိပြီးဖြစ်၍ကျန်သော (၅၄)ရာခိုင်နှုန်းတွင် ကျေးလက်အချို့၌ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်ကို အသုံးပြုလျက်ရှိသည်။ အာဆီနိုင်ငံများတွင် (၂၀၂၅) ၌ နေရောင်ခြည်စွမ်းအင်ကို(၂၃)ရာခိုင်နှုန်းထိကာဗွန်လျော့ ကျစေသော လျှပ်စစ်စွမ်းအင်ကို အသုံးပြုရန်ရည်မှန်းချက်ထားရှိပြီး မြန်မာနိုင်ငံတွင်လည်း(၂၀၃၀)တွင်တစ်နိုင်ငံလုံးလျှပ်စစ်မီးလင်းရေးကိုရည်မှန်းချက်ထားလုပ်ဆောင်လျက်ရှိသည်။
သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အဦးပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ “ Steel Structure တည်ဆောက်တဲ့အခါမှာ ငလျင်ဒဏ်ခံနိုင်အောင် တွက်ချက်ပြီးတည်ဆောက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ RC Structure များတယ်။ သီလဝါစက်မှုဇုန်က စက်ရုံတွေမှာ ငလျင်ဒဏ်ခံနိုင်အောင်တည်ဆောက်ထားတယ်။ ရန်ကုန်မှာရစ်ချက်စတာစကေး(၇)ကနေ(၈)အထိခံနိုင်ရှိအောင် တည်ဆောက်တယ်။ ဧရာဝတီတိုင်းဒေသကြီးက(၂)ရစ်ချက်တာစကေး သတ်မှတ်ထားတယ် လေတိုက်နှုန်းများတဲ့ဒေသမိုလို့ပါ။ မန္တလေး၊ စစ်ကိုင်းဆိုရင် ငလျင်ဒဏ်ပိုပြီးခံနိုင်အောင်တွက်ချက်ပြီးSteel Structure ကိုတည်ဆောက်ပေးပါတယ်။ လှည်းတန်းလမ်းစုံက သံမဏိအသုံးပြုအဆောက်အဦးကို ကျွန်တော်တို့ထံကပဲ တည်ဆောက်ပါတယ်။ငလျင်ဒဏ်နဲ့ သဘာဝဘေးဒဏ်ကို တွက်ချက်ပြီးမှ တည်ဆောက်ထားတာပါ”ဟု ATAD Steel Structure ၏တာဝန်ခံ ဦးသန်းလွင်ဦး က ပြောသည်။
အဆိုပါ နိုင်ငံတကာအဆင့်မီ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ပစ္စည်းပြပွဲကို Fireworks Myanmar မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး သြဂုတ်(၃)ရက်နေ့ထိ ပြသသွားမည် ဖြစ်သည်။
သန်းထိုက်
ဓာတ်ပုံ -သန်းစိုး


