ရန်ကုန်  ၂၇   ဇန်နဝါရီ

 

ရန်ကုန်မြို့၏ သုဝဏ္ဏအားကစားကွင်းအနီးတွင် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံ ဖူဆယ်ဘောလုံးကွင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖီဖာအကူအညီဖြင့် တည်ဆောက်လျှက်ရှိရာ ၂၀ ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

သုဝဏ္ဏအားကစားကွင်းကိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အဆင့်မြင့်ပြင်ဆင်မှုကို ဆောင်ရွက်ခဲ့ပြီး လေ့ကျင့်ရေးကွင်းများနှင့် ဖူဆယ်ဘောလုံးကွင်း အသစ်ကိုလည်း တည်ဆောက်လျှက်ရှိသည်။ မြန်မာပြည်တွင် အဓိကဘောလုံးကွင်းများ ဖြစ်သော ရန်ကုန်တစ်ကွင်း၊ နေပြည်တော်နှစ်ကွင်း၊ မန္တလေးတစ်ကွင်းဖြင့် စုစုပေါင်းလေးကွင်းသာရှိပြီး ပရိသတ်အများဆုံး သုံးသောင်းဆံ့ ကွင်းများဖြစ်သောကြောင့် ပရိသတ် ခုနှစ်သောင်း ဆံ့ခေတ်မီဘောလုံးကွင်းများ လိုအပ်နေသည့်နည်းတူ ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီ ဖူဆယ်ဘောလုံးကွင်းတစ်ကွင်း လိုအပ်မှုကြောင့် တည်ဆောက်ခြင်းဖြစ်သည်။

 

 “မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဘောလုံးအားကစား တိုးတက်ရေးကို လုပ်ဆောင်နေတာကြောင့် နိုင်ငံတော်အနေနဲ့ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နိုင်မယ် ဆိုရင်ယခုထက်ဘောလုံး လောကတိုးတက် အောင်မြင်မယ်လို့ မြင်တယ်။ နိုင်ငံတကာနဲ့မယှဉ်နိုင်တာက အခြေခံအဆောက်အအုံ လိုအပ်မှုပါပဲ။ ကျန်တာအားလုံး ယှဉ်နိုင်တယ်။ သုဝဏ္ဏအားကစားကွင်း ဧရိယာမှာ တည်ဆောက်နေတဲ့ ဖူဆယ်ကွင်းဟာ နိုင်ငံတကာ အဆင့်မီပြီးတော့ နိုင်ငံတကာပွဲတွေ ကျင်းပနိုင်ဖို့ တည်ဆောင်နေတာပါ။ ဖီဖာ ပရောဂျက်ဖြစ်ပြီးတော့ ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ(၂)သန်း ဖြစ်ပါတယ်” ဟုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကွင်း၊ ရုံများ ဒါရိုက်တာ ဦးကျော်လင်းထွေးက ပြောသည်။

 

ဖူဆယ်မိုးလုံလေလုံ ဘောလုံးကွင်းတည်ဆောက်မှုကို  FIFA Project ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး သုဝဏ္ဏ အားကစားကွင်း အနောက်ဘက်ရှိ အားကစားဝန်းဧရိယာတွင် တည်ဆောက်နေခြင်းဖြစ်သည်။ နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းဖြစ်၍ ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာတွင် စတင်တည်ဆောက်ခဲ့ရာ  ၂၀ ရာခိုင်နှုန်းပြီးစီးလျှက်ရှိ၍ ၂၀၂၀-ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နှစ်စီမံကိန်းအဖြစ် ပြီးစီးရန် လျာထားခြင်းဖြစ်သည်။ မြန်မာပြည်တွင် ဖူဆယ်ဘောလုံးကွင်းကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိတွင် တစ်ကွင်းတည်းသာရှိပြီး ရန်ကုန်မြို့တွင် နိုင်ငံတကာပွဲများကို လက်ခံနိုင်ရန် တည်ဆောက်နေခြင်းဖြစ်သည်။ ဖူဆယ်လိဂ်ပွဲများကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် ကွင်းငှား၍ ကျင်းပနေခြင်းဖြစ်ရာ ရန်ကုန်မြို့တွင် ဖူဆယ်ကွင်း စစ်စစ်မရှိခြင်းကြောင့် သုဝဏ္ဏ အားကစားကွင်း အနီး၌ နိုင်ငံတကာ အဆင့်မီ ပရိသတ်(၂)ထောင် ဆံ့သော မိုးလုံလေလုံဖူဆယ်ကွင်းကို တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး