နိုင်ငံတကာဘောလုံးလောကသတင်းတိုများ

မန်ယူအသင်းသည် နည်းပြမော်ရင်ဟိုကို ထုတ်ပယ်လိုက်ပြီးနောက် တစ်ရက်အကြာတွင် ယာယီနည်းပြအဖြစ် မန်ယူကစားသမားဟောင်း ဆိုးရှားလ် (၄၅နှစ်) အား ရာသီကုန်အထိ ခန့်အပ်လိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ ဆိုးရှားလ်သည် အိုးထရက်ဖို့ဒ် ၌ ၁၁ ရာသီကြာဖြတ်သန်းခဲ့ရာ ၁၉၉၉ ဗိုလ်လုပွဲတွင် အနိုင်ဂိုးအပါအဝင် ၁၂၆ ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ မော်ရင်ဟို၏ နည်းပြအဖွဲ့ဝင်များဖြစ်သော မိုက်ကယ်ကာရစ်နှင့် မက်ကန်နာတို့နှစ်ဦးသည် ဆိုးရှားလ်၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်ဖွယ်ရှိကြောင်းလည်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အသက် ၂၆ နှစ်အရွယ် စပိန်ကွင်းလယ်ကစား သမားအစ္စကိုအား ပေါင်သန်း ၇ဝ ဖြင့် ကမ်းလှမ်းပြီး ပြိုင်ဘက်အာဆင်နယ်နှင့် မန်စီးတီးအသင်းတို့ထက် လက်ဦးမှုရယူနိုင်ရန် ကြိုးပမ်းသွားဖွယ်ရှိကြောင်း သည်ဆန်း၏ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် မေရာ ဖော်ပြချက်တွင်မူ ချယ်လ်ဆီးအသင်းသည် ဘုန်းမောက်တိုက်စစ်ကစားသမား ဝီလ်ဆန် (၂၆ နှစ်) အား ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ပေါင် ၃၅ သန်းအထိ ပေးချေရဖွယ်ရှိကြောင်း သိရသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းသည် လီဗာပူးအသင်းမှ အင်္ဂလန်တိုက်စစ် ကစားသမား ဒိုမီနစ်ဆိုလန်ကီ (၂၁ နှစ်) အား ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အငှားဖြင့်ခေါ်ယူရန် ဆန္ဒပြင်းပြနေကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့က ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် လက်ရှိချန်ပီယံ မန်စီးတီးနှင့် လက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ မန်စီးတီးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ အခြားသော ကာရာဘောင်ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် မစ်ဒယ်ဘရော့အသင်းနှင့် ဘာတန်အသင်းတို့ယှဉ်ပြိုင်ကစားရာ ဘာတန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဘာစီလိုနာတိုက်စစ်ကစားသမား မက်ဆီသည် ဥရောပရွှေဖိနပ်ဆုအား ငါးကြိမ်မြောက်အဖြစ် စံချိန်တင် ဆွတ်ခူးရရှိခဲ့ကြောင်း ဘီဘီစီသတင်း တစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ အာဂျင်တီးနားကစားသမား မက်ဆီသည် ၂ဝ၁၇-၂ဝ၁၈ လာလီဂါ ၃၆ ပွဲတွင် ၃၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ခြင်းသည် ဥရောပတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရှိနေခဲ့သည်။ လီဗာပူးမှ ဆာလာသည် ၃၂ ဂိုးသာ သွင်းယူထားနိုင်ကြောင်းလည်း သိရသည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ဘရာဇီးလ်နှင့် ချယ်လ်ဆီးဘယ် နောက်ခံကစားသမားဟောင်း ဖီးလစ်ပီ လူးဝစ် (၃၃နှစ်) အား စာချုပ်သစ် ချုပ်ဆိုဖွယ်မရှိကြောင်း မာကာဒေါ့ကွန်း၏ ဖော်ပြချက်အရ သိရသည်။

 

အောင်ဇော်