နေပြည်တော် နိုဝင်ဘာ ၈
ဂရိနိုင်ငံ၊ အေသင်မြို့ရှိ Hellenic Police Headquarters ၌ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ကျင်းပခဲ့သော နိုင်ငံတကာစေ့စပ်ညှိနှိုင်း သူများလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ (International Negotiators Working Group – Annual Conference 2022)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်လင်း ဉီးဆောင်သောကိုယ်စားလှယ် ၂ ဉီးတက်ရောက်ခဲ့ပြီး ဉရောပသမဂ္ဂအဖွဲ့ဝင် ၁၉ နိုင်ငံနှင့် အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ နော်ဝေ၊ ကနေဒါ၊ နိုင်ဂျီးရီးယား၊ ဩစတြေးလျ၊ မက်စီဒိုးနီးယား၊ အရှေ့အလယ်ပိုင်းဒေသ ၄ နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံများမှ မြန်မာ၊ ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ညီလာခံတွင် ဂရိနိုင်ငံရဲတပ်ဖွဲ့၊ နော်ဝေနိုင်ငံရဲတပ်ဖွဲ့၊ ဆိုက်ပရပ်နိုင်ငံရဲတပ်ဖွဲ့၊ အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်သာလန်နိုင်ငံရဲတပ်ဖွဲ့၊ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့၊ ဂျာမနီနိုင်ငံရဲတပ်ဖွဲ့၊ ဉရောပရဲအဖွဲ့၊ ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးအဖွဲ့(FBI)၊ ဂရိနိုင်ငံ (Center for Security Studies/Kentro Meleton Asfaleias – KEMEA)၊ အမေရိကန်ပြည်ထောင်စု (Foundation for Defense of Democracies နှင့် The Fletcher School of Law and Diplomacy/Tufts University)၊ ဗြိတိန်နိုင်ငံ (London Metropolitan Police ၊ National Crime Agency – NCA ၊ Global Interagency Security Forum – GISF နှင့် College of Policing)၊ ဉရောပနိုင်ငံများမှအကြံပေး အဖွဲ့များကွန်ယက် (European Network of Advisory Teams - EuNAT)တို့မှ စေ့စပ်ညှိနှိုင်းရေး တပ်ဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများ၊ စိတ်ပညာရှင်များ က ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပြန်ပေးဆွဲခြင်းများနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ အတွေ့အကြုံဗဟုသုတများ၊ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့် နည်းဗျူဟာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ဓားစာခံများအားသတ်ဖြတ်ခြင်းကို The International Convention against the Taking of Hostages အပါအဝင် နိုင်ငံတကာ ကွန်ဗင်းရှင်း များက တင်းကျပ်စွာတားမြစ်ပိတ်ပင်ထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိပြည်တွင်း ဉပဒေများ ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းသည့် အကြမ်းဖက် ကျူးလွန်မှုများ မဖြစ်ပွားစေရေးကြီးကြပ်ဆောင်ရွက်သွားရန် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ရေးအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဉပဒေ ရေးဆွဲလျှက်ရှိပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာကိုယ်စားလှယ်က ဆွေးနွေးပြောကြားခဲ့သည်။
နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ(၂၀၂၃)ကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံမှတစ်ဆင့် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရှိသည်။
(သတင်းစဉ်)