ရန်ကုန် ၅ ဇန်နဝါရီ

 

ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည့် တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာပြပွဲ-၂၀၂၀ တွင် နိုင်ငံတကာ ဈေးကွက်ရရှိရန်အတွက် ပြပွဲကာလအတွင်း နိုင်ငံခြားသား ဝယ်ယူသူများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်) တာဝန်ရှိသူထံမှ သိရသည်။

 

အသင်း၏ တွဲဖက်ဘဏ္ဍာရေးမှူး(၁) ဒေါ်ညွန့်ညွန့်ခိုင်က "ကျွန်မတို့က ကျောက်မျက်ရတနာ အရောင်းအဝယ် လုပ်တဲ့အခါမှာ ရတနာလုပ်ငန်းလုပ်ကိုင်သူတွေဟာ ရတနာခွန်ကို ၅ ရာခိုင်နှုန်း၊ ပြီးရင် လာရောက်ဝယ်ယူသူတွေဆီက သွယ်ဝိုက်သောနည်းနဲ့ တောင်းခံပေးရတဲ့ ကုန်သွယ်လုပ်ငန်းခွန်က ၅ ရာခိုင်နှုန်း - စုစုပေါင်း ၁၀ ရာခိုင်နှုန်း ရှိပါတယ်၊ အခုပွဲမှာတော့ နိုင်ငံတကာဈေးကွက်ကိုရဖို့ ရည်ညွှန်းတာ ဖြစ်တဲ့အတွက် နိုင်ငံတော်က နိုင်ငံခြားသား ကုန်သည်တွေကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်၊ အဲဒီတော့ ကျွန်မတို့က သွယ်ဝိုက်သောနည်းနဲ့ သူတို့ဆီက တောင်းပေးဖို့ မလိုတော့ဘူး၊ ကျွန်မတို့ ရောင်းရတဲ့အပေါ်မှာပဲ ရတနာခွန်ကို ဆောင်ရုံပဲဆိုတော့ နိုင်ငံခြားသားတွေကို အကောက်အခွန်လွတ် ဖြစ်ပါတယ်လို့ ကျွန်မတို့က ကြေညာလို့ရသွားတယ်၊ ဒါကလည်း မက်လုံးပေးတာမျိုးတစ်ခု ဖြစ်သွားတဲ့အတွက် နိုင်ငံခြားသားတွေကလည်း အလွန်သဘောကျကြပါတယ်၊ ဒီပွဲလေးရက်မှာပဲ ရတဲ့အခွင့်အရေးပါ"ဟု ပြောသည်။

 

ထိုသို့ ပြပွဲကာလအတွင်း နိုင်ငံခြားသား ဝယ်ယူသူများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းကြောင့် နိုင်ငံခြားသား ဝယ်ယူသူများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံပေါင်း ၄၁ နိုင်ငံရှိ မြန်မာသံရုံးများအားလုံးသို့ ပြပွဲဖိတ်စာများပေးပို့၍ ကူညီဖိတ်ကြားပေးထားကြောင်း သိရသည်။

 

"မြန်မာသံအမတ်တွေ၊ မြန်မာစီးပွားရေးကောင်စစ်ဝန်တွေက သူတို့ရဲ့ နိုင်ငံအသီးသီးမှာရှိတဲ့ ကျောက်မျက် ကုန်သည်တွေကို ဖိတ်ပေးပါတယ်၊ ဒီကုန်သည်တွေဟာ ဒီဖိတ်စာကတ်ပြားနဲ့ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာရင် ငွေအရေအတွက်ကို သတ်မှတ်ခြင်းမရှိဘဲ Declare (တရားဝင်ကြေညာ)လုပ်ပြီး ဝင်လာလို့ရပါတယ်၊ ပုံမှန်ဆိုရင်တော့ အမေရိကန်ဒေါ်လာ တစ်သောင်းပဲ ကိုင်ဆောင်ခွင့် ရှိတာပါ၊ နောက်ဒီပွဲကို ဒီလိုမျိုး လွယ်ကူအောင် လုပ်ပေးလိုက်တဲ့အတွက် သူတို့ ဗီဇာထုရတာတွေလည်း လွယ်ကူသွားတယ်၊ မနှစ်ကတော့ ၂၇ နိုင်ငံက နိုင်ငံခြားသား ၇၀၀ ကျော် လာကြပါတယ်၊ ဒီနှစ်တော့ အဲဒါထက်ပိုများမယ်လို့ မျှော်လင့်ပါတယ်"ဟု ဒေါ်ညွန့်ညွန့်ခိုင်က ဆက်ပြောသည်။

 

ပြပွဲကာလအတွင်း နိုင်ငံခြားသားဝယ်ယူသူများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားသော်လည်း ပြည်တွင်းမှ နိုင်ငံသား ဝယ်ယူသူများကိုမူ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် မပေးထားကြောင်း အသင်းမှ သိရသည်။ ထို့အပြင် ပြပွဲအတွင်း ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ ဝယ်ယူသူများအတွက် ကျောက်မျက်ရတနာများ စစ်မှန်မှုရှိမရှိ စစ်ဆေးနိုင်ရန် အရည်အသွေး စစ်ဆေးခြင်းနှင့် ဓာတ်ခွဲခန်းများကိုလည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှုတို့ဖြင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၂၈ ခန်း ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း