၂၃  ဇန်နဝါရီ

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနယ်ပယ်၌ အဆင့်အမြင့်ဆုံးဆု သည် Energy Globe Award ဖြစ်ပါသည်။ Energy Globe Foundation က နှစ်စဉ်ချီးမြှင့်သောဆုဖြစ်ပြီး က္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု နယ်ပယ်ဆိုင်ရာ နိုဗယ်လ် (Noble Prize) ဆုဟု ရည်ညွှန်း ပြောဆိုရသောဆု ဖြစ်ပါသည်။ သဘာဝသယံဇာတတို့ကို စနစ်တကျထိထိ ရောက်ရောက် အသုံးပြု၍ အစားထိုးစွမ်းအင်ရင်းမြစ်တို့အား ဖော်ထုတ် ပေးနိုင်သော လုပ်ငန်းစီမံကိန်းတို့ကို ချီးမြှင့်သောဆု ဖြစ်ပါသည်။တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြေ၊ ရေ၊ လေ၊ မီးနှင့် လူငယ်ဟူသော ကဏ္ဍငါးရပ်အတွက် ဆုချီးမြှင့်ပါသည်။ ၂ဝ၁၆ ခုနှစ်မှစ၍ ရေရှည်တည်တံ့ လည်ပတ်နိုင်သော ပလတ်စတစ်ဟူသောကဏ္ဍတစ်ရပ်ကို ထပ်ဖြည့်စွက်ဆု ချီးမြှင့်ခဲ့ပါသည်။ ဤဆုကို သြစတြီးယားနိုင်ငံသား စွမ်းအင်လုပ်ငန်းရှင် ဝုလ်ဖဂန်နူမန်(Wolfgang Neumann) က ဦးဆောင် အကောင် အထည်ဖော်ပေးခဲ့သောဆု ဖြစ်ပါသည်။

 

 

၂ဝဝဝ ပြည့်နှစ်မှစပြီး Energy Globe Award ဆုကို ကမ္ဘာလုံး ဆိုင်ရာဆု၊ ဒေသဆိုင်ရာဆုနှင့် တစ်နိုင်ငံချင်းဆိုင်ရာ နိုင်ငံလုံးဆိုင်ရာဆု ဟူ၍ သုံးမျိုးခွဲခြား ပေးအပ်ခဲ့ပါသည်။ ၂ဝ၁၈ ခုနှစ်အတွက် နိုင်ငံလုံးဆိုင်ရာ ဆု(Energy Globe National Award)အား မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ရိုးစုံကျေးရွာဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ကို ပေးအပ်ခဲ့ပါသည်။ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဇန်နဝါရီလ ၁၅ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် Energy Globe Award ဆုပေးပွဲ၌ ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ရိုးစုံကျေး ရွာဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောအား သစ်တောဦးစီးဌာနမှ ရွေးချယ်၍ Energy Globe Award ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်ပါသည်။ ကျေးလက်ပြည်သူတို့၏ စီမံအုပ်ချုပ်မှုဖြင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုဗယ်လ်ဆုဟု တင်စားရသော နိုင်ငံတကာဆုကို ရရှိချီးမြှင့်ခံရခြင်းသည် သမိုင်းမှတ်တိုင်တစ်ရပ်ကို စိုက်ထူလိုက်ခြင်း ဖြစ်ပါသည်။

 

 

Community Forest ဟုခေါ်ဆိုသော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို မြန်မာနိုင်ငံ၌ ၁၉၉၅ ခုနှစ်မှစ၍ အကောင် အထည်ဖော်ခဲ့ပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၏ အဓိကရည်ရွယ်ချက်သည် မြန်မာ့သစ်တောသယံဇာတများအား စီမံခန့်ခွဲ အုပ်ချုပ်ရာ၌ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးရန်ဖြစ်ပါ သည်။ ဤလုပ်ငန်း၏ သဘောသဘာဝမှာ သစ်တောတို့ကို ဒေသခံ ပြည်သူတို့က တိုက်ရိုက်စီမံအုပ်ချုပ်ပြီး သစ်တောဦးစီးဌာနက ပံ့ပိုး ကူညီသူအခန်းကဏ္ဍမှသာ ပါဝင်ဆောင်ရွက်ပါသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို စတင်ဆောင်ရွက်ချိန်၌ ဒေသခံကျေးရွာသားတို့၏ အခြေခံလိုအပ်ချက်ဖြစ်သော ထင်း၊ တိုင်၊ မျော စသည်တို့ကို ထောက်ပံ့ပေးနိုင်ရန်သာ ရည်ရွယ်ခဲ့ပါသည်။ သို့သော် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောညွှန်ကြားချက်အရ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း၏ ရည်ရွယ်ချက်ကို သစ်တောအခြေခံ စီးပွားရေးလုပ်ငန်းများပေါ် ပေါက်ဖွံ့ဖြိုးလာရေးအထိ အဆင့်မြှင့်သတ်မှတ် ခဲ့ပါသည်။

 

 

ရိုးစုံအစုအဖွဲ့ပိုင်သစ်တောကို ၂ဝဝ၅ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပါ သည်။ အဖွဲ့ဝင် ၈၄ ဦးဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ရိုးစုံအစုအဖွဲ့ပိုင် သစ်တော၏ စုစုပေါင်းဧရိယာသည် ဧက ၅၅ဝ ကျယ်ဝန်းပါသည်။ အဆိုပါ ဧရိယာဧက ၅၅ဝ အနက် ဧရိယာဧက ၇ဝ ကိုသာ သဘာဝသစ်တောအဖြစ် ထိန်းသိမ်းပြီး ကျန် ဧရိယာဧက ၄၈ဝ ကို အဖွဲ့ဝင်များ၏ မိသားစုဝင်ဦး ရေအလိုက် အချိုးကျခွဲဝေကာ သီးနှံသစ်တောရောနှောစိုက်ပျိုးကြပါသည်။ အဓိကအားဖြင့် ယာသီးနှံနှင့် လျှော်ဖြူ (ဆေးကုလားမ)ပင်တို့ကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ရိုးစုံအစုအဖွဲ့ဝင်တို့သည် လျှော်ဖြူပင် အစေးကို ထုတ်ယူရောင်းချခြင်းဖြင့် ကားပိုင်၊ အိမ်ပိုင်အဆင့်အထိ တိုးတက်လာကြောင်းကိုလည်း ဝမ်းမြောက်ဖွယ်ရာ ကြားသိရပါသည်။ သက်ဆိုင်ရာ မိသားစုတို့၏ ဘဝကိုသာမက ဒေသပတ်ဝန်းကျင်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးမှုကိုပါ မြှင့်တင်ပေးသော အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းတို့ကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါ သည်။

 

မြန်မာ့အလင်း