စစ်ကိုင်း ၂ ဇွန် 

မြန်မာတို့ခေတ်အဆက်ဆက် အသုံးပြုလာသော ကြေးကို ဆန်းသစ်တီထွင်ပြီး ခေတ်နှင့်လျော်ညီစွာ မွမ်းမံ၍ ကြေးဖြင့်ဖန်တီးထားသော ပန်းချီကားချပ်များသည် ယခုအခါ ပြည်တွင်း၌ စိတ်ဝင်စားလူကြိုက်များလာပြီး အလုပ်ဖြစ်လာသောကြောင့် ပြည်တွင်းသာမက နိုင်ငံတကာအထိဈေးကွက်သို့ ရောက်ရှိရန် ရည်ရွယ်၍ ဖန်တီးပြုလုပ်လျက်ရှိကြောင်း စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်မှ ကြေးပန်းချီလုပ်ငန်းပြုလုပ်သူ ကိုကျော်ကျော်ထံမှ သိရသည်။

 

1

 

ကြေးဖြင့်ပြုလုပ်သည့် ပန်းချီကား ရုပ်ကြွများမှာ အိမ်အလှဆင်ခြင်းလုပ်ငန်း၊ အိမ်တက်မင်္ဂလာ၊ မွေးနေ့မင်္ဂလာများအတွင်း လက်ဆောင်ပေး၍သာမက ဟိုတယ်လုပ်ငန်းအလှဆင်ရန် အသုံးပြုလာသည့်အတွက် ပိုမိုတွင်ကျယ်လျက်ရှိကာ ပြည်တွင်းဈေးကွက် အတော်အသင့်နေရာရရှိနေပြီး ဖြစ်သည်။

 

2

 

ကြေးပန်းချီကားချပ် ပြုလုပ်ပုံနှင့်ပတ်သက်၍ “ပထမဦးစွာ စာရွက်ပေါ်မှာ လိုချင်တဲ့ဒီဇိုင်းဆွဲရတယ်၊ ဒီဇိုင်းဆွဲထားတဲ့ အရွယ်အစားကိုကြည့်ပြီး ကြေးပြားကိုတိုင်းတာ ဖြတ်လိုက်တယ်၊ ဖြတ်ပြီးတဲ့ ကြေးပြားကို ညီညာအောင် ထုရိုက်ပြီး ဒီဇိုင်းဆွဲထားတဲ့ စက္ကူပြန်ကပ်တယ်၊ စက္ကူပေါ်ပုံအတိုင်း စူး၊ စောက်များနဲ့ အကြမ်းထွင်း ထုတ်တယ်၊ အကြမ်းထွင်းထုတ်ပြီး သောကြေးပြားကို မီးအပူပေးတယ်၊ မီးအပူပေးပြီး လိုချင်တဲ့ပုံစံ စူး၊ စောက်များဖြင့် အနုစိတ်ထွင်းထုပြုလုပ်ပြီး မလိုတဲ့ အပိုင်းများကို ဖြတ်ထုတ်လိုက်တယ်၊ ပြီးရင်အရောင်တင်တယ်၊ လိုချင်တဲ့ပုံစံအရောင်တင်ပြီး ကတ္ထီပါနောက်ခံဖြင့် ဘောင်ကွပ်ကာ ဈေးကွက်မှာ ရောင်းချပါတယ်၊ ပန်းချီအခြေခံရှိပြီးသား သူတွေအတွက် လုပ်ကိုင်ရင် ပိုမိုအဆင်ပြေပါတယ်” ဟု စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်မှ ဆယ်နှစ်ကျော် ကြေးပန်းချီလုပ်ငန်းပြုလုပ်သူ ကိုကျော်ကျော်က ပြောပြသည်။

 

33

 

“ဆယ်နှစ်ကျော်ကာလအတွင်းမှာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အခက်အခဲတွေလည်း တွေ့ရပါတယ်၊ ကြေးဈေးနှုန်းအတက်အကျတွေ၊ ပညာရှင်လုပ်သားရှားပါးမှုတွေကြောင့် အခက်အခဲတွေလည်း တွေ့ရတယ်၊ ဒါပေမယ့် ဒီလိုရှားပါးစွာ ဆန်းသစ်တီထွင်ထားတဲ့ ကြေးပန်းချီပညာတွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းချင်တာကြောင့် ဆက်လက်ပြီး လုပ်ဆောင်ပါတယ်၊ နောင်လည်း ဆက်လုပ်သွားမျာပါ၊ ကြေးပန်းချီလုပ်ငန်းနဲ့ နိုင်ငံတကာဈေးကွက်ထိ ထိုးဖောက်ဖို့ ရည်ရွယ်ပြီး ဖန်တီးဆောင်ရွက်နေပါတယ်၊ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးသွားမှာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါကြေးဖြင့် ပြုလုပ်သော ပန်းချီကားချပ်များမှာ မြန်မာ့ဇာတ်တော်ကြီး (၁၀)ဘွဲ့၊ ဟင်္သာမောင်နှံ၊ တိရစ္ဆာန်ရုပ်လေးများ၊ မြန်မာတို့၏ အသုံးအဆောင်ပစ္စည်းများကို အမှတ်တရအဖြစ် ကြေးဖြင့်ပုံဖော်ကာ မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြနေသည့် လုပ်ငန်းဖြစ်ပြီး ကြေးကို ပုံဖော်ကာ ဆန်းသစ်စွာ တီထွင်ဖန်တီးထားသော ကြေးပန်းချီကားချပ်များကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများထိ ဈေးကွက်ရယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဝေဖြိုးအောင်၊ သန်းဇော်မင်း(ပြန်/ဆက်)