ဇန်နဝါရီ ၂၁

၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းသို့ ခရီးသွားလာသူဦးရေ ၁ ဒသမ ၅၂ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းထားရာ ၂၀၂၄ ခုနှစ်က ခရီးသွားလာမှုထက် သန်း ၆၀ ခန့် ပိုမိုများပြားလာကာ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာခရီးသွားလာမှုသည် လေးရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု မက်ဒရစ်အခြေစိုက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ခရီးသွားဒေသဖြစ်သော ဥရောပသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ၇၉၃ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ခရီးသွားဦးရေထက်လေး ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အမေရိကတိုက်တွင် ခရီးသွားရောက်ရှိသူ ၂၁၈ သန်းရှိရာ တစ်ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် မြောက်အာဖရိကတွင် အထူးသဖြင့် ခရီးသွားများပြားခြင်းကြောင့် အာဖရိကတွင် ရောက်ရှိသူ ရှစ်ရာခိုင်နှုန်း မြင့်တက်လာပြီး ၈၁ သန်းအထိ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှု မြင့်မားခြင်း၊ လေကြောင်းဆက်သွယ်မှု တိုးတက်လာခြင်းနှင့် နေရာများစွာတွင် ဗီဇာလုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူလာခြင်းတို့သည် ခရီးသွားတိုးတက်မှု၏ အဓိကအချက်များဖြစ်ကြောင်း ကုလသမဂ္ဂခရီးသွားလုပ်ငန်းက ပြောကြားခဲ့သည်။

ကနဦး ခန့်မှန်းချက်များအရ နိုင်ငံတကာ ခရီးသွားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ ရရှိခဲ့ကာ ၂၀၂၄ ခုနှစ်ကထက် ငါးရာခိုင်နှုန်း မြင့်မားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို