နေပြည်တော် ၂၈ ဒီဇင်ဘာ

 

နိုင်ငံတကာခရီးသွားပြပွဲများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြင်ပနိုင်ငံများတွင်ကျင်းပသည့် ခရီးသွားပြပွဲများ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရီးသွားလာရေး ဈေးကွက်မြင့်တင်ရေးအသင်း၏ စီစဉ်ဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို သွားရောက်ပြသပြီး ကမ္ဘာလှည့်ခရီးသည်များ ပိုမိုသိရှိ လာရောက်လည်ပတ်နိုင်ရေး မြှင့်တင်ကြေညာလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများ၌ သွားရောက်ပြသမည့် ခရီးသွားပြပွဲများကို ပိုမိုထိရောက်မှုရှိစေရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် အလားအလာရှိသောနိုင်ငံများ၊ ခရီးသွားဈေးကွက်ဝင်နိုင်ငံများကို ဦးစားပေး၍ စနစ်တကျ လုပ်ငန်းစဉ်များချမှတ်ကာ ထိထိရောက်ရောက် ပြသဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်ကမြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ဈေးကွက်မြှင့်တင် ဆောင်ရွက်ရာတွင် ခရီးသွားပြပွဲများတွင် ပြသဆောင်ရွက်ခြင်းများအပြင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်နှင့်လျော်ညီစွာ Digital နည်းပညာကိုအသုံးပြု၍ Online Media များ Social media များမှတစ်ဆင့် ထိထိရောက်ရောက် မြှင့်တင်ဆောင်ရွက်စေလိုပါကြောင်း၊ ပြခန်းများပြသရာတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုများပြားသော နိုင်ငံ၊ပြည်နယ်နှင့် မြို့များကို ဦးတည်၍ ဆောင်ရွက်သင့်ပြီး မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းများကို ပိုမိုလာရောက် ကြည့်ရှုစေရန်အတွက် စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုများနှင့် လှုပ်ရှားမှုများဖြင့် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တက်ရောက်လာကြသူများက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံတကားခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို သွားရောက်ပြသဆောင်ရွက်နေမှုများနှင့် ခရီးသွားဈေးကွက် မြှင့်တင်ဆောင်ရွက်နေမှုများ၊ Digital နည်းပညာကို အသုံးပြု၍ ခရီးသွားမြှင့်တင် ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်