ကွမ်တုန်   နိုဝင်ဘာ   ၅

တရုတ်နိုင်ငံတောင်ပိုင်းတွင်    ပြုလုပ်မည့် နိုင်ငံတကာလေကြောင်းပြပွဲ၌    ရုရှားနိုင်ငံ၏ နောက်ဆုံး ပေါ် Sukhoi Su-57 ကိုယ်ပျောက်တိုက်လေယာဉ်ကို    ပြသမည်ဖြစ်ကြောင်း   တရုတ်စစ်ဘက်က ပြောကြားလိုက်သည်။

နိုင်ငံတကာလေကြောင်းပြပွဲကို  ကွမ်တုန်ပြည်နယ် ချူဟိုင်းမြို့၌ နိုဝင်ဘာ ၁၂ ရက်တွင် စတင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ လေကြောင်းပြပွဲတွင် တရုတ်တပ်မတော်၏ တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် စီးပွားရေးသုံးလေယာဉ်များကို ပြသ သွားမည်ဖြစ်သည်။

တရုတ်တပ်မတော်က ရုရှားနိုင်ငံ၏ Su-57 ကိုယ်ပျောက်လေယာဉ်တစ်စင်းသည်    ပြပွဲသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်က ပြောကြားလိုက်သည်။   အဆိုပါ   ကိုယ်ပျောက် တိုက်လေယာဉ်ကို လေကြောင်းပြပွဲတွင် ပထမဆုံးအကြိမ် ပြသသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၏လေကြောင်းပြပွဲသည် နိုင်ငံတည်ထောင်ခြင်း(၇၅)နှစ်ပြည့် နှစ်ပတ်လည်နှင့် တိုက်ဆိုင် နေကြောင်း သိရသည်။

ထို့အတူ    တရုတ်နိုင်ငံ၏   နောက်ဆုံးပေါ် ကိုယ်ပျောက်တိုက်လေယာဉ်  J-35  ကိုလည်း အဆိုပါ လေကြောင်းပြပွဲတွင် ပြသနိုင်ခြေရှိကြောင်း လေ့လာသူများက သုံးသပ်ပြောကြားထားသည်။

အင်န်အိတ်ချ်ကေ