ရန်ကုန် ၁၁ မေ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ပူးပေါင်း၍ နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ(၅)နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Shangri-La Hotel ၌ ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)  မြန်မာမှ Chief of Mission Mr. Akio Nakayama နှင့် အရပ်ဖက်လူမှု ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ(၅)နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) အား အများပြည်သူ သိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ IOM Global Migration Indicators, 2018 အရ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၆ ဘီလီယံခန့်ရှိသည့်အနက် ၂၅၈ မီလီယံခန့်သည် ရွှေ့ပြောင်းသွားလာနေပြီး ၁၅၀ ဒသမ ၃ သန်းအနက် ၇ ဒသမ ၈ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှက ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ခလစာကွာခြားခြင်း၊ လုပ်သားဈေးကွက် ကွာဟချက်ရှိခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာခြင်းကြောင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု မြင့်တက်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒများ ချမှတ်ထားပြီး ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုအပါအဝင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၇၇ ခုနှင့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံအချို့နှင့် ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများကို စနစ်တကျ စေလွှတ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် စိန်ခေါ်မှုများခြင်းကြောင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲထားသည့် “နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ(၅)နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂)”ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှနှင့် အခြားနိုင်ငံများတွင် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေခြင်းဖြင့် ဂုဏ်သိက္ခာရှိသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပံ့ပိုးပေးရန် ရေရှည်မျှော်မှန်းထားကြောင်း၊ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်တာ လုပ်ငန်းစီမံချက်တွင် ရွှေ့ပြောင်းလုပ်သားများကို အကာအကွယ်ပေးခြင်းနှင့်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများ ပိုမိုခိုင်မာအားကောင်းအောင် လုပ်ဆောင်ခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရသည့် လုပ်သားစုဆောင်းခြင်း၊ ပြည်ပမထွက်ခွာမီနှင့် အလုပ်မခန့်မီပို့ချပေးသော လုပ်ငန်းခွင်အကြိုသင်တန်းများနှင့် ကျွမ်းကျင်မှုသင်တန်းများ၊ ဥပဒေကြောင်းအရ ကူညီပံ့ပိုးပေးခြင်း၊ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများအတွက် အထောက်အပံ့ဖြစ်စေမည့် ဝန်ဆောင်မှုများပေးခြင်း၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးမှုမူဝါဒများ ချမှတ်ရာတွင် လုပ်သားရွှေ့ပြောင်းခြင်းနဲ့ စပ်လျဉ်း၍ ကဏ္ဍအလိုက်ထည့်သွင်းခြင်း၊ မိသားစုလွှဲပို့ငွေများ စနစ်တကျဖြစ်ရေးနှင့် ကောင်းမွန်စွာ အသုံးချရေး၊ ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုများအား ပံ့ပိုးကူညီခြင်း၊ ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ခြင်းနှင့် မိသားစုပြန်လည်ပေါင်းစည်းခြင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေးဆောင်ရွက်ခြင်း၊ လုပ်သားများရွှေ့ပြောင်းခြင်းဆိုင်ရာ သတင်းအချက်အလက်များ၊ စီမံခန့်ခွဲမှုစနစ်များ တိုးတက်အောင်လုပ်ဆောင်ခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့် မဟာဗျူဟာမြောက်ကဏ္ဍများ ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးနှင့် IOM မှ Liaison and Programme Officer တို့က နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅)နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုနှင့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်