ရန်ကုန်၊ ၂၄ ဒီဇင်ဘာ
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ကျင်းပမည့် ၂၀၂၁ ခုနှစ် နိုင်ငံတကာ နှစ်သစ်ကူးကြိုဆိုပွဲ အထိမ်း အမှတ်အဖြစ် အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် မှ သိရသည်။
“ကိုဗစ်ကာလမှာ လူတိုင်းဟာ စိတ်ဖိစီးမှုလည်းများတယ်။ နှစ်သစ်ကူးကိုလည်း ပျော်လို့မရဘူး။ ဒါ့ကြောင့် ပြိုင်ပွဲကို အွန်လိုင်းကနေ ကျင်းပတာပါ။ ဆုတွေချီးမြင့်မယ်။ ပျော်ပွဲရွှင်ပွဲလုပ်မယ်။ ပြိုင်ပွဲမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ကလပ်၊ အသင်းတွေများတယ်။ ကစားသမား အကန့်အသတ်မရှိပါဘူး” ဟု နည်းပြချုပ် ဦးကျော်သန်းဦးက ပြောသည်။
အဆိုပါပြိုင်ပွဲတွင် တိုက်ကွမ်ဒို zumba dance အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသား+အမျိုးသမီး သုံးဦး၊ ငါးဦး အကများ၊ ခြေကန်ချက်အလှ ရပ်၍ကန်ခြင်းအမျိုးစား၊ ခုန်၍ ကန်ခြင်းများ၊ မိသားစုများတိုက်ကွမ်ဒိုဝတ်စုံဖြင့် ပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုအနုပညာရပ်များ၊ ပန်းချီ၊ ကြွေးကြော်သံ၊ ကဗျာပြိုင်ပွဲများကို ဒီဇင်ဘာ ၂၅ ရက် ၂၇ ရက်အထိ နောက်ဆုံးထားပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တိုက်ကွမ်ဒိုဝတ်စုံနှင့် လေ့ကျင့်ရေးပစ္စည်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ဆုများကို ဒီဇင်ဘာ ၃၁ ရက် ညတွင် ထုတ်ပြန်ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်၏ အကောင်းဆုံးအားကစားသမားဆုများ၊ အကောင်းဆုံးနည်းပြဆုများ၊ အကောင်းဆုံးအသင်းဆုများ၊ အတိုးတက်ဆုံးအသင်းဆုများ၊ အတက်ကြွဆုံးအသင်းဆုများ၊ အကောင်းဆုံး ဒိုင်လူကြီးဆုများပါ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး