မန္တလေး ၁ ဇန်နဝါရီ

 

ယနေ့သည် ၂၀၂၀ ပြည့်နှစ် နှစ်သစ်မင်္ဂလာအခါတော် နိုင်ငံတကာနှစ်သစ်ကူးနေ့ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၊ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် ယနေ့တွင် နံနက်အရုဏ်တက်ချိန်မှစ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ဘုရားပုထိုးစေတီတော်များ၊ ဓမ္မာရုံများ၌ ပူဇော်ပွဲများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘာသာရေးဆိုင်ရာ ဌာနအသီးသီးတို့မှလည်း လှူဒါန်းကုသိုလ်ပြုခြင်းနှင့် ဆီမီးထွန်းညှိခြင်း၊ ရောင်စုံမီးတန်းများ ထွန်းညှိပူဇော် ကျင်းပလျက်ရှိကြရာ အထူးစည်ကားလျက်ရှိသည်။ ထို့ပြင် နံနက်ပိုင်းတွင် လူမှုရေးအကျိုးပြုလုပ်ငန်း ပရဟိတအဖွဲ့အစည်းများ၊ အိမ်နီးချင်းမိတ်ဆွေများ၊ လူငယ်လူရွယ်များ၊ စျေးသူစျေးသားများနှင့် လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းများ၊ ပြည်သူများကလည်း မိသားစုအလိုက် စတုဒိသာကျွေးမွေး ကောင်းမှူကုသိုလ်ပြုကြသူများ၊ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အခမ်းအနားများဖြင့် မန္တလေးမြို့တစ်ခွင်တွင် ကျင်းပလျက်ရှိကြသည်။

 

1

 

မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် မဟာမုနိရုပ်ရှင်တော်မြတ်အား ယနေ့နံနက် ၄ နာရီက ရေတော်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ အမှူးပြု၍ မျက်နှာသစ်တော် ဝတ်အဖွဲ့မှ မျက်နာသစ်တော်မူပြီး ရွှေသင်္ကန်းကပ်လှူကာ ဆွမ်း၊ ရေချမ်း၊ ပန်းများ ဆက်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းရှင်လူ ပြည်သူများကလည်း ရွှေသင်္ကန်းများကပ်လှူ၍ ဆွမ်း၊ ရေချမ်း ၊ ပန်းကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားဘာဝနာ အားထုတ်ကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

 

5

 

ယနေ့နံနက်ပိုင်းတွင်လည်း မဟာမုနိဘုရားကြီး မိုးကောင်းဓမ္မာရုံ၌ မန္တလေးချမ်းမြသာစည်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအာစိဏ္ဏအရှင်သူမြတ် အမှူးပြုသော သံဃာတော်များက မင်းတုန်းမင်းတရားကြီး၏ညီ အိမ်ရှေ့မင်း တည်ထားကိုးကွယ်ခဲ့သော သစ်ကနက်ဓာတ်ပေါင်းစုံ ရုပ်ပွားတော်ကြီးအား ဘိသေကအနေကဇာတင်လှူကြရာ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ပူဇော် ကြည်ညိုခဲ့ကြသည်။

 

5

 

တင်မောင်(မန်းကိုယ်ပွား)