ခမောက်ကြီးမြို့ ၁  ဇန်နဝါရီ    

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နှင့်(၂၅)မိုင်ခန့် ကွာဝေးသည့်  ဂျပန်ကမ်းခြေတွင်  နိုင်ငံတကာ နှစ်သစ်ကူးပိတ်ရက်များအတွင်း ခရီးသွားများ ၊လာရောက်အပန်းဖြေသူများ ၊ လေ့လာရေးခရီးသွားများနှင့် စည်ကားလျှက်ရှိကြောင်းသိရသည်။

ဒီဇင်ဘာ ၂၅ရက်မှဇန်နဝါရီ ၁  ရက်နေ့အထိလာရောက်သောဧည့်သည်များအား ငွေကျပ်တစ်သောင်းဖိုးနှင့်အထက်ဝယ် ယူအားပေးသူများ ၊ စူငယ်လာလိုင်းဂျပန်ကမ်းခြေ ဖေ့စ်ဘုတ် ပိတ်ချ်အား Like &Share ပြုလုပ်ပါက ဗလာမပါကံစမ်းမဲများ ဖောက်ယူခွင့်ပြုကြောင်းနှင့် ထိုကံစမ်းမဲတွင် စားသောက်ဖွယ်မျိုးစုံ ၊ လူသုံးကုန်မျိုးစုံနှင့် ရေပေါ်တွင်စီးရသည့် ဖော့မျိုးစုံအပြင် ရေဆိုင်ကယ်စီးနင်းခွင့်များလည်းပါရှိကြောင်း ဂျပန်ကမ်းခြေမှ စူပါဗိုက်ဇာ ဦးဇော်လင်းထိုက်ထံမှသိရသည်။

အဆိုပါ ကမ်းခြေသည် ဧက(၁၀၀)ကျော်ခန့်ရှိပြီး ညီညာပြန့်ပြူးသည့် မြေပြင်နှင့် သဲသောင်များ၊ သဘာဝအလှတရားများ၊ ပင်လယ်ပြင်နှင့်ကျွန်းအလှများရှိရာ ဂျပန်ခေတ်မှဖောက်လုပ်ခဲ့သော လေယာဉ်ကွင်းနှင့် ရေတွင်းတို့အားလည်း နောက်နောင်တွင် ခရီးသွားပြည်သူများ လေ့လာနိုင်စေရန်အတွက် ပြုပြင်ထိမ်းသိမ်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။    

နန့်လေးလေး(ခမောက်ကြီးပြန်/ဆက်)