၂၁ မေ
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ဒီနှစ်မတ်လ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ပြီးဆုံးပြီး ဧပြီလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဦးမော့လာခဲ့ပေမယ့် အရှိန်လျော့လာပုံရတယ်လို့တွက်ဆထားတယ်။ စိုက်ပျိုးရေး ပြန်လည်ဦးမော့ပြီး ပို့ကုန်အခြေအနေလည်း ကောင်းလာခဲ့တယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ဘတ်ဂျက်လိုငွေဟာ ဂျီဒီပီရဲ့ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပေမယ့် ဘတ်ဂျက်လိုငွေကိုဗဟိုဘဏ်က ဖြည့်ဆည်းပေးမှုဟာ ဆက်လက်ကျဆင်းလျက် ရှိပါတယ်။
စားသုံးသူ ဈေးဆနှုန်းကိန်းအပေါ် အခြေခံပြီး တွက်ထားတဲ့ ငွေဖောင်းပွမျှနှုန်းဟာ ပျမ်းမျှလေးရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားပေမယ့် လောင်စာဈေးတက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားတဲ့အတွက် ပြန်တက်နေတာကို တွေ့ရပါတယ်။ ပြည်ပငွေပေးငွေယူရှင်းတမ်း သာမန်စာရင်းလိုငွေဟာ ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်း နီးနီးအထိ နည်းနည်းတက်လာခဲ့ပါတယ်။ အဲဒီလိုငွေကိုအများအားဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အားကောင်းကောင်းနဲ့ ဝင်လာတာက ဖြည့်ဆည်းပေးခဲ့လို့ နိုင်ငံတကာသီးသန့်ရန်ပုံငွေဟာ သွင်းကုန်သုံးလစာဝန်းကျင်မှာပဲ ရှိနေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအတွင်း ကြားကာလဘတ်ဂျက်နဲ့ ပတ်သက်လို့ စောစောရတဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာ့ဝယ်လိုအား နှေးကွေးနေခြင်း၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်စိတ်ချမှုလျော့ပါးခြင်း၊ အစိုးရရဲ့သုံးစွဲမှုလျော့ကျလာခြင်းတို့ကြောင့် တိုးတက်မှုနှုန်းနှေးသွားကြောင်း ညွှန်ပြနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
နှစ်လတ်ကာလ နိုင်ငံအဆင့်စီးပွားရေး အလားအလာတွေက ကောင်းနေဆဲပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကျပ်ကျပ်အတည်းကြောင့်ရယ်၊ မူလခန့်မှန်းထားတာထက် နည်းနည်းနှေးသွားနိုင်တာရယ် ရှိပေမယ့် အရှိန်ပြန်ရလာနိုင်ပါတယ်။ အရင်းအနှီးအသုံးစရိတ်မြင့်လာပြီး စီးပွားရေးကို အနည်းငယ်လှုံ့ဆော်လာနိုင်စရာ အတန်အသင့်ရှိတဲ့အတွက် ဘဏ္ဍာရေးနှစ်သစ်မှာ လိုငွေတိုးလာနိုင်ပါတယ်။ နိုင်ငံတကာ ရေနံဈေးနှုန်းတွေကျပြီး မကြာမီကာလတွေမှာ ငွေဖောင်းပွမှုနှုန်း ဖြည်းဖြည်းချင်း ကျလာရင်တော့ စားသုံးသူတွေ ပိုပြီးသုံးနိုင်လာကြမှာပါ။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ မှာပါတဲ့ ဒုတိယလှိုင်းပြုပြင်ပြောင်းလဲမှုတွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရင်တော့ စီးပွားရေးဦးမော့ပြီး ထောင်စုနှစ်ရည်မှန်းချက်တွေကိုရနိုင်မှာ ဖြစ်ပါတယ်။
နှစ်ရှည်လများဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေရယ်၊ ကုန်သွယ်မှုအထူးအခွင့်အရေး ရုပ်သိမ်းခံရမယ့် အလားအလာတွေရယ်၊ အလှူရှင်နိုင်ငံတွေက အတိုးနှုန်းသက်သက်သာသာနဲ့ ထုတ်ချေးမယ့်ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျလာနိုင်တာရယ်တွေကြောင့် စီးပွားရေးတိုးတက်မှုလည်း နှေးနိုင်ပါတယ်။ လောလောဆယ် ဘဏ်တွေနဲ့ ပတ်သက်လို့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဘဏ်တွေက အရင်းအနှီးပြန်လည်ဖြည့်သွင်းမှု ကြန့်ကြာနေရင်တော့ နိုင်ငံ့ဘဏ္ဍာရေးကို ဂယက်ရိုက်ခတ်မှုရှိနိုင်ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်မှာ ကုန်သွယ်ရေး တင်းမာမှုတွေ၊ သူတို့နဲ့ဆက်နွှယ်နေတဲ့ ဘဏ္ဍာရေး ဈေးကွက်မတည်မငြိမ်ဖြစ်မှုတွေ၊ ရေနံစိမ်းဈေးတက်တာနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအလားအလာတွေဟာ မြန်မာနိုင်ငံအပေါ် ထိခိုက်လာနိုင်တဲ့ တစ်စုံတစ်ရာသော စွန့်စားစရာတွေဖြစ်ပါတယ်။ အကောင်းဘက်ကကြည့်ရင် အကျပ်အတည်းတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်နိုင်ပါက ပြည်ပကငွေကြေးဝင်ရောက်မှု ပိုမိုမြင့်မားလာပြီး SDG ရည်မှန်းချက်တွေအတွက် ပြည်ပငွေပိုသုံးစွဲနိုင်မယ်၊ နိုင်ငံတကာ သီးသန့်ရန်ပုံငွေတွေလည်း အခုထက် ပိုများလာ နိုင်ပါတယ်။
လူငယ်လုပ်သားအင်အား တိုးပွားလာနေတာ၊ လုပ်အားခသက်သာတာ၊ မဟာဗျူဟာမြောက်နေရာမှာ ရှိနေတာတွေကြောင့် ရေရှည်မှာ အလားအလာကောင်းတွေရှိနေပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ စီးပွားရေး လုပ်ငန်းတွေ အရှိန်လျော့နေပြီး ကာလတိုမှာ ကျဆင်းမယ့် အလားအလာတွေ ရှိနေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးနဲ့ ဘဏ္ဍာရေးကဏ္ဍရဲ့ အထိမခံရွှေပန်းကန် ဖြစ်နေတာတွေကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ပူပန်ပါသတဲ့။ ဒါကြောင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့အုပ်ချုပ်မှု ကောင်းမွန်ရေးကို အထူးဂရုစိုက်ထားတဲ့ မဟာဗျူဟာစီမံကိန်း (MSD P) ထဲက ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုတာဖြစ်ပါတယ်။ အထူးသဖြင့် ပီပြင်ခိုင်မာတဲ့ နိုင်ငံအဆင့်စီးပွားရေးမူဝါဒတွေ အဆက်မပြတ်စေဖို့ စီးပွားရေးအဆောက်အအုံပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်ကြောင်း အလေးအနက်ထား ပြောကြားသွားခဲ့ပါတယ်။
ဖွံ့ဖြိုးရေးရည်မှန်းချက်တွေရရှိနိုင်ဖို့ အသုံးအစွဲတွေမြှင့်ဖို့လိုသလို ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က စိုက်ထုတ်တာ ဖြည်းဖြည်းချင်းလျှော့ချဖိ်ု့ရယ်၊ ကြွေးဝန်မပိရဖို့ရယ် ရည်ရွယ်ပြီး ဘဏ္ဍာရေးမူဝါဒ ချမှတ်သင့်တယ်။ ဗဟိုဘဏ်က စိုက်ထုတ်ကျခံထားတာတွေ လျော့လာတဲ့အတွက် ကြိုဆိုတယ်။ ဘဏ္ဍာရေးမြင်သာထင်သာရှိတာ မြင့်မားလာအောင် လုပ်တဲ့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပါအဝင် အခြေခံ အဆောက်အအုံလုပ်ငန်း စီမံကိန်းတွေနဲ့ပတ်သက်လို့ အန္တရာယ်တွေ လျော့ပါးသွားစေနိုင်တယ်။
အခွန်နှုန်း (အခွန်နဲ့ ဂျီဒီပီအချိုးအစား) နိမ့်နေတဲ့အတွက် ဘဏ္ဍာတော်စုစည်းရယူမှု ပိုမိုကောင်းမွန်သင့်တယ်။ ဘတ်ဂျက်သုံးစွဲမှု ကျစ်လျစ်တောင့်တင်းဖို့ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ အုပ်ချုပ်မှုနဲ့ စွမ်းဆောင်ရည်ပိုကောင်းလာဖို့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ပါလို့ အားပေးတယ်။ ဈေးကွက်အတိုးနှုန်းနဲ့ချိတ်ဆက်၊ ငွေဖောင်းပွမှု ထိန်းချုပ်နိုင်ဖို့ ငွေရေးကြေးရေးအခြေအနေတွေ ထိန်းသိမ်းတာကိုထောက်ခံတယ်။ ငွေကြေးမူဝါဒဘောင် အဆင့်မြှင့်တာနဲ့အတိုးနှုန်းနဲ့ပတ်သက်လို့ ဖြေလျှော့မှုတွေကို ထောက်ခံတယ်။ ဈေးကွက်အခြေခံ ရည်ညွှန်းငွေဖလှယ်နှုန်း အဖြစ်ပြောင်းလဲလို့ ပြင်ပက ရုတ်တရက်အပြောင်းအလဲတွေ ဖြစ်လာခဲ့ရင် ဒဏ်ခံနိုင်အောင် လုပ်ပေးတဲ့ပြုပြင်ပြောင်းလဲမှုမျိုးကို ကြိုဆိုတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဘဏ်ကဏ္ဍမှာ စနစ်ကြောင့်ဖြစ်နေတဲ့ စွန့်စားစရာတွေ၊ အားနည်းချက်တွေကို အလျင်အမြန် ဖြေရှင်းဖို့လိုကြောင်း အလေးပေးပြီး ထောက်ပြတယ်။ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာလိုက်နာဖို့၊ ဆုံးရှုံးတာတွေကိုလက်ခံအသိအမှတ်ပြုဖို့၊ လိုအပ်ရင် အရင်းအနှီးထပ်ထည့်ဖို့၊ အရေးပေါ်အစီအစဉ်နဲ့ ဖြေရှင်းမယ့် ယန္တရားတွေ အားကောင်းအောင်လုပ်ထားဖို့တွေ အလေးပေးညွှန်ပြပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ ဖြေလျှော့မှုတွေလုပ်တဲ့၊ ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်း (MSDP) မှာပါဝင်တဲ့ အစိုးရရဲ့တိုးတက်မှုတွေကိုလည်း ကြိုဆိုတယ်။ ဒါပေမယ့် သဘာဝသယံဇာတတွေ စီမံခန့်ခွဲရာမှာ ဘဏ္ဍာရေးမြင်သာထင်သာရှိမှ ဘဏ္ဍာရေးကဏ္ဍ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းမှု၊ ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဘောင် အကောင်အထည်ဖော်မှုတွေနဲ့ ပတ်သက်လို့ အကောင်အထည်ဖော်မှုတွေ လုပ်စရာအများကြီး ကျန်နေသေးတယ်လို့ ဆိုပါတယ်။
မကြာသေးမီက ကောက်ခံတဲ့ စာရင်းအင်းအရည်အသွေး ပိုကောင်းလာတာရယ်၊ စာရင်းအင်းထဲမှာ ပါဝင်လာတဲ့ နယ်ပယ်တွေ တိုးလာတာရယ်ကိုလည်း အသိအမှတ်ပြုပြီး ကျန်တဲ့စာရင်းအင်းနဲ့ပတ်သက်တဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ တိုက်တွန်းသွားတာကိုလည်း တွေ့ရပါတယ်။ နောက်တစ်နှစ်ကြာရင် ဒီအဖွဲ့ဟာ နောက်တစ်ခေါက်လာရောက် လေ့လာသုံးသပ်ကြဦးမှာပါ။ ။
ခင်မောင်ညို (ဘောဂဗေဒ)
(IMF Executive Board Concludes 2018 Article IV Consultation With Myanmar)