mdn

၁၁ နိုဝင်ဘာ

 

မြန်မာ ယူ-၁၉ အမျိုးသားအသင်းသည် လာမည့်နှစ်တွင်ကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများအပေါ် မူတည်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသားအသင်းသည် လက်ရှိတွင် နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရန် မရှိသလို Junior Lions အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသည့် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖျက်သိမ်းသွားသဖြင့် လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် မတ်လတွင် စခန်းဝင်လေ့ကျင့်မှုရပ်နားခဲ့ပြီး နှစ်လယ်ပိုင်းတွင် ကစားသမားများကို နေအိမ်၌ လေ့ကျင့်မှုပြုလုပ်စေခဲ့သော်လည်း ယခုနှစ်အတွင်း ပြိုင်ပွဲများယှဉ်ပြိုင်ရန်မရှိသဖြင့် လေ့ကျင့်နေမှုအား ခေတ္တရပ်နားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းအနေဖြင့် ကပ်ရောဂါအခြေအနေနှင့် လာမည့်နှစ်တွင်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအပေါ်မူတည်၍ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ဖေဖော်ဝါရီက ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဂျပန်-အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရရှိရန်အတွက်လည်း ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမအကျော့အပြီးတွင် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ကပ်ရောဂါကြောင့် ပြိုင်ပွဲပြီးဆုံးအောင် မယှဉ်ပြိုင်ရဘဲ ဖျက်သိမ်းခဲ့ရသည်။

 

ယင်းအသင်းကိုနည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့်နှစ်ကတည်းက နိုင်ငံတကာပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်သင့်သည့်အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် လာမည့်နှစ်တွင် အာဆီယံ ယူ-၁၉ ပြိုင်ပွဲနှင့် အခြားဖိတ်ခေါ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်