၅ နိုဝင်ဘာ
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအပေါ် မူတည်၍ စခန်းဝင်လေ့ကျင့် ပြင်ဆင်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နှစ်တွင် အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲတို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေပြီး ပြိုင်ပွဲကျင်းပမည့် ကာလအပေါ်မူတည်၍ ပြင်ဆင်သွားမည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လာမည့်နှစ်တွင် ပြုလုပ်မည့် အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကျင်းပမည့်ကာလ ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆီးဂိမ်းစ်ပြိုင်ပွဲကိုမူ နိုဝင်ဘာတတိယပတ်တွင် စတင်ကျင်းပရန် ဗီယက်နမ်အိုလံပစ်ကော်မတီက ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် အာဆီယံဖူဆယ်ပြိုင်ပွဲ ကျင်းပမည့် ကာလအပေါ်မူတည်၍ စခန်းဝင်လေ့ကျင့်မည်ဖြစ်ပြီး အနည်းဆုံးတစ်လ ပြင်ဆင်ချိန်ရယူဖွယ်ရှိနေသည်။
ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းကို နိုင်ငံခြားသားနည်းပြ ခန့်အပ်ရန်စီစဉ်ထားပြီး နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်စ်နှင့် သဘောတူညီမှုရရှိထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်လယ်ပိုင်းကတည်းက ခန့်အပ်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါ အခြေအနေကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး လက်ရှိအနေအထားအရ နှစ်ကုန်ပိုင်းမှသာ ခန့်အပ်နိုင်ဖွယ်ရှိနေသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းမှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိသေးဘဲ လာမည့်နှစ်မှသာ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် လာမည့်နှစ်တွင် ပြည်တွင်း ပြိုင်ပွဲများ တိုးမြင့်ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး နည်းပြသစ် ဗစ်တာဟာမန်အနေဖြင့် ပြည်တွင်း ပွဲများကြည့်ရှုပြီး ကစားသမားများရွေးချယ်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ညီမြတ်သော်တာ