နိုင်ငံတကာသတ်မှတ်ချက်ဖြင့် စီးပွားရေးချဲ့ထွင်

၂၅  ဖေဖော်ဝါရီ

မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ ကမ္ဘာ့အဆင့်မီလာစေရန်အတွက် ကုန်ပစ္စည်းများတွင် အဆင့်အတန်းနှင့်အညီ အမှတ်တံဆိပ် GS1 Myanmar Barcode အသုံးပြုခြင်းဖြင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေရန်ရည်ရွယ်၍ GS1 Myanmar Barcode မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

ဘားကုဒ် (Barcode) ဆိုသည်မှာ ထုတ်ကုန်များတွင်ပါရှိသည့် အမှတ်အသားများဖြစ်သည်။ ယခုအခါ ကုန်ပစ္စည်း အမျိုးမျိုးတွင် ဒေါင်လိုက်မျဉ်းကြောင်းများနှင့် နံပါတ်များပါသည့် အမှတ်အသားများကို မြင်တွေ့ကြရမည် ဖြစ်သည်။ ဘားကုဒ်များတွင် ရှေ့ဆုံးခြောက်လုံးသည် manufacturer identification number ဖြစ်ပြီး  နောက်ငါးလုံးသည် item number ဖြစ်သည်။ မိမိဝယ်ယူသည့် ကုန်ပစ္စည်းတစ်မျိုးကို မည်သည့်နိုင်ငံက ထုတ်လုပ်သည်ကိုသိလိုလျှင် ပထမရှေ့ဆုံးသုံးလုံးကို ဖတ်ကြည့်ရုံဖြင့် သိနိုင်သော အမှတ်အသားဖြစ်သည်။

နိုင်ငံတကာမှ ထုတ်လုပ်သောထုတ်ကုန်ပစ္စည်းတိုင်းတွင် ဘားကုဒ်အမှတ်အသားများပါရှိပြီး ပြည်တွင်း ပြည်ပ၌ တွင်ကျယ်စွာ ဖြန့်ချိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာနှင့်အတူ ရင်ပေါင်တန်းနိုင်ရန်အတွက် ထုတ်လုပ်သော ကုန်ပစ္စည်းများတွင် ပြည်ပမှ ဘားကုဒ်များ အသုံးပြု၍ ထုတ်လုပ်ခဲ့ရသည်။ ယခုအခါ ဘယ်လ်ဂျီယံနိုင်ငံတွင် အခြေစိုက်သည့် GS1 Global တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ပြီး Myanmar Barcode Association  (MBA) ဖွဲ့စည်းကာ မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများတွင် ဘားကုဒ်အမှတ်အသားများထည့်သွင်းပြီး ပြည်တွင်းသာမက ပြည်ပသို့ပါ နိုင်ငံတကာ အဆင့်အတန်းမီ တရားဝင်တင်ပို့ ဖြန့်ချိနိုင်ပြီဖြစ်သည်။

GSI Myanmar Barcode ကို တရားဝင်သုံးစွဲနိုင်သောကြောင့် Supply Chain တစ်လျှောက် မည်သည့် နေရာဒေသတွင်မဆို ကုန်ပစ္စည်းနှင့် ပတ်သက်သောအချက်အလက်များကို တိကျမြန်ဆန်စွာ သိရှိနိုင်ခြင်း၊ ကုန်ပစ္စည်းများ လေလွင့်ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်ခြင်း၊ ကုန်ပစ္စည်း ဖြန့်ဖြူးခြင်းနှင့် သိုလှောင်ခြင်းတို့တွင် စနစ်တကျထိန်းချုပ်နိုင်ခြင်းနှင့် GS1 Myanmar Barcode op:08 odmgoco: codino:goop saozes မိမိတို့၏ ကုန်ပစ္စည်းများကို ပြည်တွင်းရှိ မည်သည့် လက်လီဆိုင်များတွင်မဆို ရောင်းချနိုင်သည့်အပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင်လည်း အဆင်ပြေလွယ်ကူသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။ ။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာရေးကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ယခင်ကာလက ထုတ်ကုန်ငယ်များကိုပင် ပြည်ပအပေါ် မှီခိုအားထားလာခဲ့ရာမှ ယခုအခါတွင် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာနှင့်တန်းတူ အရည်အသွေးမီအောင်၊ အဆင့်အတန်းမီအောင် ကြိုးပမ်းထုတ်လုပ်လာ နိုင်သောကြောင့် နိုင်ငံတကာ အသိအမှတ်ပြု ဘားကုဒ်အမှတ်အသားများကို ထိရောက်စွာအသုံးပြုဖို့ လိုအပ်လာပြီဖြစ်သည်။

သို့ဖြစ်ရာ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းမှာသာမက ပြည်ပသို့ပါ ထိုးဖောက်တင်ပို့နိုင်ရေးအတွက် အရည်အသွေးမီ၊ အဆင့်အတန်းမြင့် ကုန်ပစ္စည်းများတွင် GSI Myanmar Barcode များကို တွင်ကျယ်စွာ အသုံးပြုခြင်းအားဖြင့် နိုင်ငံတကာအထိ စီးပွားရေးဈေးကွက်ထိုးဖောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည် ဖြစ်ပါ‌‌ကြောင်း။   ။

ကြေးမုံ