နိုင်ငံတကာယောဂနေ့ကို အိန္ဒိယနိုင်ငံ၌ အွန်လိုင်းမှတစ်ဆင့်ကျင်းပ

နယူးဒေလီ ၂၂ ဇွန်

 

ကုလသမဂ္ဂအဖွဲ့က အသိအမှတ်ပြုသတ်မှတ်ပေးခဲ့သည့် ယနေ့ကျရောက်သော နိုင်ငံတကာယောဂနေ့ကို အိန္ဒိယနိုင်ငံ၌ ပြည်သူများ တက်ရောက်ခြင်းမရှိဘဲ အွန်လိုင်း ဗီဒီယိုဖြင့်သာ ရိုက်ကူးကျင်းပခဲ့ကြောင်း သိရသည်။

 

ယောဂကျင့်စဉ်များကို အလေးပေးကျင့်ကြံလေ့ရှိသော အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် လွန်ခဲ့သော နိုင်ငံတကာယောဂနေ့များတွင် တက်ကြွစွာပါဝင်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတကာ ယောဂနေ့ကို အွန်လိုင်းမှသာကျင်းပရန် ပြောကြားခဲ့သည်။

 

ယခုအချိန်သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်နေသည့်အချိန်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်စေရေးအတွက် ယောဂ ကျင့်စဉ်ကို အထူးဂရုစိုက်လုပ်ဆောင်သင့်သည်ဟု ဝန်ကြီးချုပ် မိုဒီက တိုက်တွန်းပြောကြားခဲ့သည်။

 

ယောဂကျင့်စဉ်သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ဝ၀ ကတည်းက စတင်ပေါ်ပေါက်ခဲ့သည့် ရှေးဟောင်းကျင့်စဉ် တစ်ခုဖြစ်သည်။

 

ဗိုင်းရပ်စ်ကူးစက်မှုသည် အလွန်ကြောက်စရာကောင်း ကြောင်းနှင့် ယောဂကျင့်စဉ်လုပ်ဆောင်ခြင်းသည် ဗိုင်းရပ်စ် ကူးစက်မှုကို ကျော်လွှားနိုင်ရန် ပြည်သူများအား ကူညီပေး နိုင်မည်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံမှ အသက် ၃၄ နှစ်အရွယ် ယောဂဆရာမတစ်ဦးက ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံအတွင်း၌ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၁၀ဝ၀ဝ ရှိပြီး ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်မားဆုံး ကမ္ဘာ့ ၁၀ နိုင်ငံအနက် လေးနိုင်ငံမြောက် အဖြစ်ရပ်တည်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်