ရန်ကုန် ဇူလိုင် ၄
မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လာပါက ချိတ်ဆက်ကူညီခြင်း၊ ကိုယ်တိုင်ကူညီခြင်းများ လုပ်နိုင်ရန် ပရဟိတအသင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
မြစ်ကြီးနားမြို့နှင့် အနီးတဝိုက်တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားစဉ်ကပင် ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သည်များကို ချိတ်ဆက်ဆောင်ရွက်ခြင်းများ စတင်ပြုလုပ်ခဲ့ကြကာ ကိုယ်တိုင်သွားရောက် ကူညီရန် လက်လှမ်းမီသည့် ဒေသများသို့လည်း သွားရောက်ကူညီရန် ပြင်ဆင်ထားကြခြင်း ဖြစ်သည်။
“မိုးဦးကတည်းက လှေတွေရယ်၊ ရေစုပ်စက်ရယ် ပြင်ထားတာပေါ့။ မြစ်ကြီးနားကတော့ တောင်ကျရေရယ်၊ အောက်ရေက တောင့်ခံထားတာ မရှိဘူး။ နယ်မြေခံကိုပဲ လှမ်းအကူအညီတောင်းတာကို ချိတ်ဆက်ပေးတာ ရှိပါတယ်။ ရေတွေ ဖြာဆင်းလာရင် အားပျော့သွားမလား ဆုတောင်းရတာပေါ့။ ၂၀၁၆ ရေဘေးပုံစံကို နည်းနည်း စိတ်ပူတယ်။ အဲ့ဒီကနေ ရေတွေဆင်းလာရင် မကွေးမှာတော့ ပရဟိတအသင်းတွေက အင်အား တောင့်တယ်။ ဒီဘက်ခြမ်းဆိုရင်တော့ ဟင်္သာတကို နည်းနည်း စိုးရိမ်တယ်။ တာဘေးမှာ နေတဲ့သူတွေရှိတယ်။ အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားတာ ရှိတယ်” ဟု ရန်ကုန်မြို့ အခြေစိုက် ရွှေမေတ္တာပရဟိတအသင်း၏ ဥက္ကဋ္ဌ မရွှေလဲ့ ကပြောသည်။
လက်ရှိတွင် ပရဟိတအသင်းများ ချိတ်ဆက်ဆောင်ရွက်နေကာ ရေကြီးသည့် ဒေသများသို့ လှူဒါန်းမှုများကိုလည်း ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
“ကယ်ဆယ်ရေမှာဆိုရင် မြစ်ကြီးနားဆို တောင်ကျရေ၊ ကျွန်မတို့ ရောက်ရင် ရေကကျပြီ။ အဲ့ဒီတော့ နယ်မြေခံ အသင်းတွေ ဘာလိုသလဲ ဆိုတာကို ဝိုင်းပြီးပံ့ပိုးတယ်။ ပံ့ပိုးတာတောင် မလုပ်လိုက်ရဘူး သူတို့နယ်မြေခံ အသင်းတွေကနိုင်တယ်။ နယ်မြေခံတွေထဲမှာ အကူအညီ လိုအပ်တယ်ဆိုတဲ့ သူတွေကို ကျွန်မတို့က နယ်မြေခံ အသင်းတွေက ဘယ်မှာရှိတယ် ဘယ်လိုဆက်ပါဆိုတာကို ကူညီလို့ရပါတယ်။ ချိတ်ဆက်ပြီးလည်း ဆောင်ရွက်မယ်။ အင်အားလိုအပ်တဲ့ နေရာကိုလည်း သွားပြီးတော့ ပူးပေါင်းကူညီဖို့ ပြင်ဆင်ထားပါတယ်” ဟု မရွှေလဲ့က ဆိုသည်။
Htet Oo Maung


