နိုင်ငံ့ဝန်ထမ်း ဒေသပြောင်းရွှေ့ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ သဘောတူညီချက်ဖြင့် ပြောင်းရွှေ့နေရာချထားပေးလျက်ရှိ

နေပြည်တော် ၁၇ နိုဝင်ဘာ 

 

ဒေသပြောင်းရွှေ့ခွင့်ကဲ့သို့သော ဝန်ကြီးဌာနတွင်း ပြောင်းရွှေ့ခြင်းများနှင့် စပ်လျဉ်း၍ ဝန်ထမ်းများ၏ ဆန္ဒအရ ဒေသပြောင်းရွှေ့တာဝန် ထမ်းဆောင်ခွင့် ပြုနိုင်ပါရန် တင်ပြလာပါက လူမှုရေးအခက်အခဲ တင်ပြချက်၊ ကျန်းမာရေး အခြေအနေ တင်ပြချက်၊ မိသားစု ပေါင်းစုနေထိုင်ရေး တင်ပြချက်၊ ပြောင်းရွှေ့လိုသည့် အကြောင်းအရင်းတို့ကို စိစစ်၍ ပြောင်းရွှေ့လိုသည့် ဒေသရှိ အိမ်ထောင်စု ဇယားကိုပါ ပူးတွဲတင်ပြစေပြီး သက်ဆိုင်ရာ  ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ သဘောတူညီချက်ဖြင့် ပြောင်းရွှေ့နေရာ ချထားပေးလျက်ရှိပါကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။

 

ယနေ့ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ နိုင်ငံ့ဝန်ထမ်း အရာထမ်း/ အမှုထမ်းများ၏ ဒေသပြောင်းရွှေ့ခွင့်ကို ၎င်းတို့ဆန္ဒရှိပါက မိသားစု အဆင်ပြေ အခြေချရာ ဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့် ပြုပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်း တစ်ခုခုမှ ပြန်တမ်းဝင်အရာရှိ တစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်း တစ်ခုခုသို့ ပြောင်းရွှေ့ခန့်ထားလိုသည့် ကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၈ နှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၃ မှ နည်းဥပဒေ ၂၅ ထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ထောက်ခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးလျက်ရှိကြောင်း ပြောကြားသည်။

 

အမှုထမ်းများ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ၁၇-၁၀-၂၀၁၃ ရက်စွဲပါ စာအမှတ် (၉/၁၅၃) ဌာနကူးပြောင်း အဖရ (၂၀၁၃)ဖြင့် ညွှန်ကြားထားသည်နှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ နှစ်ဖက်ဌာန အဖွဲ့အစည်းတို့၏ အပြန်အလှန် သဘောတူညီမှု၊ နေရာလစ်လပ်မှု ရှိ မရှိ၊ ကာယယံရှင်၏ ဆန္ဒပြုလျှောက်လွှာ၊ ကိုယ်ရေးရာဇဝင်၊ ပြစ်မှုကင်းရှင်းမှု ရှိ မရှိ စသည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြလျက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ဆက်လက်ဖြေကြားရာတွင် လျှောက်ထား လာသည့်ဒေသ၌ နေရာလစ်လပ်မှုမရှိပါက အမြဲတမ်းနေရပ်လိပ်စာ၊ မိသားစု အခြေချနေထိုင်ရာ လိပ်စာများနှင့် အနီးစပ်ဆုံးဒေသများသို့ ပြောင်းရွှေ့တာဝန် ချထားပေးလျက်ရှိကြောင်း ဝန်ကြီးဌာနများမှ ဖြေကြားချက်များ ပေးပို့လာသည့်အတွက် ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် စီမံခန့်ခွဲမှု နည်းလမ်းများအတိုင်း ဝန်ကြီးဌာနအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

မျိုးထက်ဦး(MDN)