ရန်ကုန် ဖေဖော်ဝါရီ ၁၈
တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၈)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ဆရာ ဆရာမများ၏ နည်းပေးလမ်းပြ ကောင်းမှသာ မျိုးချစ်စိတ်ရှိပြီး အကျင့်စာရိတ္တကောင်းမွန်သော၊ အရည်အချင်းပြည့်ဝပြီး အသိဉာဏ်ဖွံ့ဖြိုးသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် တိုးတက်အောင် မြှင့်တင် ဆောင်ရွက်ရာတွင် တက္ကသိုလ်၊ ကောလိပ်များ၏ အဆင့်မြင့်ပညာရေးကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအားထားရသော ဝန်ထမ်းကောင်းများ ဖြစ်စေရေး၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး (၃၀) ကို ဦးထိပ်ထားပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းအမိန့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ သင်ကြား လေ့ကျင့်ပေးသည်များကို တက်ကြွစွာ လိုက်ပါဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၄၂ ဦး၊ သင်တန်းသူ ၃၁၂ ဦး စုစုပေါင်း ၃၅၄ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၂၀ ရက်အထိ ရက်သတ္တငါးပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်သည်။
ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် သင်တန်းအလိုက် ဘာသာရပ်များ ပို့ချနေမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သင်တန်းသား အိပ်ဆောင်များနှင့် စားရိပ်သာများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၂၁၇)မှ သင်တန်းသူများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်သည်။
ထို့နောက် တက္ကသိုလ်အစည်း အဝေးခန်းမ၌ ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လေ့ကျင့်သင်ကြားရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


