ရန်ကုန် ဇူလိုင်  ၂၄  

 

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။ 

 

ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်တို့ကို လိုက်နာကာ နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားသွားကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးကို ရှေးရှု၍ မျိုးဆက်သစ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။

 

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၂)သို့ သင်တန်းသား (၄၉)ဦး၊ သင်တန်းသူ (၄၃၆)ဦး စုစုပေါင်း(၄၈၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၂၅ ရက်အထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။ 

 

သတင်းစဉ်