နေပြည်တော် စက်တင်ဘာ ၁၉
ယခုသင်တန်းသည် အရာရှိသင်တန်းများအနက် အခြေခံအကျဆုံး သင်တန်းဖြစ်ပါကြောင်း။ သင်တန်းကို နယ်ပယ်အစုံမှ လာခဲ့ကြသော်လည်း သင်တန်းပြီးဆုံးချိန်တွင် အရာရှိတို့ တက်သိနားလည်ရမည့် ပညာရပ်များကို တတ်သိနားလည်ပြီး အနာဂတ်ကို ခေါင်းဆောင်ကြမည့် အရည်အသွေး ပြည့်၀သည့် အရာထမ်း ခေါင်းဆောင်များဖြစ်လာစေရန် အားထုတ်ကြစေလိုပါကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းက ကျင်းပသည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဖွင့် အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ယခုသင်တန်းသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကျင်းပသည့် ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့် ရာထူးစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည့် ဌာနတွင်းဝန်ထမ်းများနှင့် ပြင်ပမှနိုင်ငံ့ဝန်ထမ်းအဖြစ် စတင်ထမ်းဆောင်ကြမည့် အရာထမ်းလောင်းများ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို နားလည်စေရန်၊ ရုံးလုပ်ငန်းနှင့် အဖွဲ့အစည်းဆိုင်ရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာများ ကျွမ်းကျင် တတ်မြောက်စေရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်ခေါင်းဆောင်မှု သဘောတရားများကို နည်းလည်စေရန်၊ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို လေ့လာဆည်းပူးနိုင်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ ညှိနှိုင်းဆောင်ရွက်တတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ချစ်ခင် ရင်းနှီးမှုများ ပိုမိုရရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်ဓာတ် ကောင်းမွန်သည့် ခေါင်းဆောင်ကောင်း အရာရှိကောင်းများ ပေါ်ထွက်လာစေရန် နိုင်ငံတော်က အလေးထားမျှော်မှန်းပြီး ဖွင့်လှစ်လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပါကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အတွက် ကောင်းမွန်သော ဝန်ဆောင်မှု ပေးရေးနှင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတို့တွင် အထောက်အကူ ဖြစ်စေရေးအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရန် သင်တန်းမှ ပို့ချသည့် အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံများနှင့် ဘာသာရပ်ဆိုင်ရာသင်ကြား ပို့ချမှုများကို စိတ်ဝင်တစား ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ လေ့လာသင်ယူကြပြီး မှန်ကန်သော ယှဉ်ပြိုင်မှုဖြင့် အောင်မြင်ပြီးမြောက်စေရေး ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀၀) တက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၉ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ရက်သတ္တ (၁၆) ပတ် ကြာမြင့်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် အရာထမ်း၊ အမှုထမ်းများနှင့် ရတနာခန်းမ၌တွေ့ဆုံ၍ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းကောင်းများ ပေါ်ထွက်လာအောင် ဤနိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှ ဝန်ထမ်းများက စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် တက္ကသိုလ်အတွင်း လေ့ကျင့်သင်ကြားနေမှုများ၊ သင်တန်းအိပ်ဆောင်များ၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိသော မွေးမြူရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်