ရန်ကုန်၊ အောက်တိုဘာ ၂၅  

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ် မည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ်(၉၉)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားရေး/ စီမံဌာနများမှ တာဝန်ရှိသူ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးကဏ္ဍမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက် ရှေ့လုပ်ငန်းစဉ်များနှင့် နိုင်ငံတော်၏ အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ကြိုးပမ်းအားထုတ်မှုများကို သိမြင်နားလည်ပြီး ဆရာ ဆရာမများ၏ စိတ်ဓာတ် ပိုင်းဆိုင်ရာ မှန်ကန်ခိုင်မာမြင့်မားစေရန် မျိုးဆက်သစ်လူငယ်များကို ထိန်းကျောင်းလေ့ကျင့်ပေးရာတွင် အသိပညာ၊ ဗဟုသုတ၊ တွေးခေါ်မြှော်မြင်မှု၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ၌ စံနမူနာပြ ဦးဆောင်နိုင်သူ များဖြစ်ရန် ရည်ရွယ်ပါကြောင်း။

နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဆရာ ဆရာမများက တပည့်များ၏ ကောင်းကျိုးကို လိုလားသူများ၊ တပည့်များ၏ ဘဝကို ပြုစုပျိုးထောင်ဖန်တီးပေးသူများ ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ၏ အနာဂတ် ဘဝခရီးလမ်းလျှောက်လှမ်းရာတွင် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ၊ အလေ့အကျင့် ကောင်းများ၊ ဆောင်ရန်ရှောင်ရန်များကို သင်ကြားပေးသည့် လက်ဦးဆရာများလည်း ဖြစ်ကြောင်း။

(၂၀၂၂)ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်၏ ဉီးတည်ချက်ဖြစ်သည့် “ ပညာရေး ပြုပြင် ပြောင်းလဲမှု ဆရာများနှင့်အစပြု ” (The Transformation of Education Begins with Teachers) ဆိုသည့်အတိုင်း ဆရာများ၏ ပါရမီနှင့် သင်ကြားမှုအတတ်ပညာများကို အပြည့်အဝအသုံးချပြီး  ကြိုးစားဆောင်ရွက် သွားကြပါရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း။ 

ထို့ပြင် “အမျိုးသား စည်းကမ်း အစ စာသင်ကျောင်းက ” ဟူသော အစဉ်အလာကောင်းကို ဆက်လက် ထိန်းသိမ်းသွားရန် ဆရာ ဆရာမများတွင် တာဝန်ရှိကြောင်း၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ကာကွယ်တွန်းလှန်နိုင်စေရန်အတွက် နိုင်ငံသားတိုင်း အတွေးအခေါ် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းနှင့် ဗဟုသုတ အမြော်အမြင်ရှိစေရေး၊ တိုင်းပြည်ကို ချစ်သည့်စိတ်ဓာတ်များ ကိန်းအောင်းနေစေရေးမှာလည်း အခြေခံပညာ ဆရာ ဆရာမများ၏ တာဝန်ဖြစ်ကြောင်း။

သင်တန်းတွင် သင်ကြားပို့ချသည့် ဘာသာရပ်၊ ပညာရပ်များကို အလေးထားလိုက်နာပြီး မိမိတို့၏ စိတ်ဓာတ်၊ ခံယူချက်၊ ကျင့်ဝတ်သိက္ခာများ မြင့်မားလာအောင် အသိပညာများ၊ အတွေးအခေါ်များ ပိုမိုရှင်သန်မြင့်မားလာစေရမည်ဟူသော ယုံကြည်ချက်ဖြင့် စနစ်တကျ သင်ယူလေ့လာသွားရန် လိုအပ်ပါကြောင်း၊ သင်တန်းအတွက် ချမှတ်ထားသော စည်းကမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် ချမှတ်ထားသော စည်းကမ်းများကို အလေးထား လိုက်နာသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ်(၉၉)သို့ သင်တန်းသား(၅၀)၊ သင်တန်းသူ(၄၃၈)ဦး၊ စုစုပေါင်း(၄၈၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၅ ရက်ထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်