ရန်ကုန် ဇူလိုင် ၅
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၁၀၅) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးရဲနိုင်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက “နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်း ပိုမိုကောင်းမွန်လာစေရန် သင်ကြားရေး သာမက အုပ်ချုပ်ရေးနှင့် ပတ်သက်သော အတွေ့အကြုံများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊
ဆရာ၊ ဆရာမများ၏ သွန်သင်ညွှန်ကြားမှု ကောင်းမွန်မှသာ အနာဂတ်တွင် နိုင်ငံတော်က အားထားရပြီး အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ သင်တန်းမှ တွေ့ကြုံရသော အသိပညာဗဟုသုတအလေ့အကျင့် ကောင်းအခြေခံကို လက်တွေ့နယ်ပယ်တွင် အသုံးချရန်လိုကြောင်း၊ တစ်မျိုးသားလုံး ပညာရည် မြှင့်တင်ရေး ရည်မှန်းပြီး ဆရာ၊ မိဘ၊ ကျောင်းသားများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်” သင်တန်းဆင်း အမှာစကားပြောကြားသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၉ ဦး၊ သင်တန်းသူ ၃၂၂ ဦး စုစုပေါင်း ၃၅၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၃ ရက်မှ ဇူလိုင် ၅ ရက်အထိ ရက်သတ္တငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် နံနက် ၉ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ဂိတ်အမှတ်(၃)အနီး မြေကွက်လပ်တွင် ပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ မန်ဂျန်ရှားပင်အား စိုက်ပျိုးခဲ့ပြီး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား သင်တန်းသူများက မန်ဂျန်ရှားပင် ၁၀၀၀ စိုက်ပျိုးမှုကို လိုက်လံကြည့်ရှု အားပေးကာ ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားသို့ တက်ရောက်၍ တက္ကသိုလ်ရှိ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ ရေနောက်အင်းကန်အတွင်းသို့ ငါးမြစ်ချင်း ကောင်ရေ ၃၀၀၀၀ ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


