ရန်ကုန် ဩဂုတ် ၂၅

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၀)၏ သင်တန်းဆင်း စစ်ရေးပြ အခမ်းအနားကို ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက တက္ကသိုလ်စစ်ရေးပြကွင်း(၁)၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ  ဦးအောင်သော်၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ  ဦးအောင်သော်က “အရာထမ်းလောင်းများ အနေဖြင့် ဌာနအသီးသီးတွင် ရောက်ရှိတာဝန်ထမ်းဆောင်သည့်အခါ သက်ဆိုင်ရာဌာန၏ ဖွဲ့စည်းမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းတွင် နေ့စဉ်ရွတ်ဆိုခဲ့သော နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ယန္တရားတစ်ခုလုံး စဉ်ဆက်မပြတ် ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ရမည့်သူများ ဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် လိုက်နာရမည့်စည်းကမ်းများကို အထူးအလေးထား လိုက်နာကြရမည် ဖြစ်ကြောင်း” သင်တန်းဆင်းအမှာစကား ပြောကြားသည်။ အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဩဂုတ် ၂၄ ရက်တွင် ရတနာသိင်္ဃဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာလက်မှတ်များ ပေးအပ်ခဲ့သည်။

 

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ရတနာသိင်္ဃခန်းမ၌ ကျင်းပသည့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၂)၏ သင်တန်းဆင်းအခမ်းအနားသို့ တက်ရောက်ပြီး “အနာဂတ်ရင်သွေးငယ်များကို လင်းလက်တောက်ပလာအောင် ပုံဖော်ရာတွင် ဆရာ ဆရာမများ၏ စွမ်းဆောင်နိုင်မှုသည် အဓိကကျကြောင်း၊ နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် လူကောင်းလူတော် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်” တိုက်တွန်းမှာကြားသည်။

 

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၀)သို့  သင်တန်းသား ၈၃ ဦး၊ သင်တန်းသူ ၂၀၄ ဦး စုစုပေါင်း ၂၈၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၈ ရက်မှ ဩဂုတ် ၂၅ ရက်အထိ ရက်သတ္တ ၁၆ ပတ်ကြာမြင့်ကာ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၂)သို့ သင်တန်းသား ၄၉ ဦး၊ သင်တန်းသူ ၄၃၆ ဦး စုစုပေါင်း ၄၈၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၂၅ ရက်အထိ ရက်သတ္တ ငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်