ရန်ကုန်၊ ဩဂုတ် ၂၃

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပညာဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၁၀၆)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းကို နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်း ပိုမိုကောင်းမွန်လာစေရန်၊ အခြေခံပညာနှင့်စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့်အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးစည်းလုံး ညီညွတ်မှုပိုမိုရရှိစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက် စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ဖွင့်လှစ်လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။

 

ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံ့ဝန်ထမ်းတိုင်း လိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများကိုလည်း တိကျစွာလိုက်နာပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး (၃၀)ကို စောင့်ထိန်းကြရန်၊ မိဘပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် လက်တွဲပူးပေါင်း၍ စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ရှေ့ဆောင်လမ်းပြကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆတက်ထမ်းပိုးကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

 

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၁၀၆)သို့ သင်တန်းသား (၃၀)၊ သင်တန်းသူ (၃၆၂)ဦး၊ စုစုပေါင်း (၃၉၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၂၃ ရက်အထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

 

သတင်းစဉ်