ရန်ကုန် ဒီဇင်ဘာလ ၅  

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၆)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၉)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကေတုမတီခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး တိုင်းပညာရေးမှူး၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းရှိ အဆင့်မြင့်အရာရှိကြီးများအနေဖြင့် နိုင်ငံတော်၏မူဝါဒ လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားနှင့် သက်ဆိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခြေအနေများကို သိရှိစေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို သိရှိပြီး ဥပဒေနှင့် အညီ ကျင့်သုံးလိုက်နာ ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများပိုမို၍ ကျေညက်စေရန်၊ စီမံခန့်ခွဲရေးဆိုင်ရာ ဆန်းသစ်သော ခေတ်မီအတွေးအခေါ် အယူအဆသစ်များကို လေ့လာသိရှိစေရန်နှင့် မိမိတာဝန်ယူရသည့် စီမံခန့်ခွဲမှုအုပ်ချုပ်ရေးကဏ္ဍတွင် ဦးဆောင်နိုင်မှု စွမ်းရည်မြင့်မားလာစေရန်၊ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင် ကာ တာဝန်များကို အောင်မြင်စွာ သယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ်နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ပျိုးထောင်လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၆)သို့ သင်တန်းသား၊ သင်တန်းသူ(၁၇)ဦး၊ အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၉)သို့ သင်တန်းသား၊ သင်တန်းသူ(၄၂)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၅ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ရက်သတ္တ(၈)ပတ်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။ 
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၀)သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားသည်။ 

အဆိုပါ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၀)သို့ သင်တန်း သား၊ သင်တန်းသူ(၄၉၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ  ဒီဇင်ဘာ ၅ ရက်မှ  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ရက်သတ္တ(၅)ပတ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်