ကသ - ၁၃၁ (ဇေယျ)

 

မုန်တိုင်းရှိသည့်ရက်များက အဆက်မပြတ် ရွာသွန်းခဲ့သည့်မိုးသည် နောက်တစ်နေ့နံနက်တွင် တိမ်ကင်းစင် ကြည်လင်လျက်ရှိသည်။ နံနက် ၇ နာရီပင်ရှိသေးသော်လည်း  သူရိန်နေမင်းကြီးက လောကကြီးတစ်ခွင် အလင်းရောင်ဖြန့်ကြက်ကာ အစွမ်းကုန်ထွက်ပေါ်စပြုနေပြီဖြစ်သည်။  ထိုအချိန် တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ဇီးပင်ကြီးကျေးရွာရှိ  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ သင်တန်းတက်ရောက်ရန် ခရီးစတင်ဖြစ်ခဲ့သည်။

 

အရှိန်ပြင်းပြင်းခရီးနှင်ခဲ့

 

သင်တန်းသားများကို တင်ဆောင်လာသည့် Express ကားကြီးနှစ်စီးသည် အရှိန်နှင့်လွှတ်လိုက်သည့်မြားကဲ့သို့ မြို့ရွာများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လျက် အရှိန်ပြင်းပြင်းခရီးနှင်ခဲ့သည်။ အချို့နေရာများတွင် မှောင်မှိုင်းသောရာသီဥတု အခြေအနေ၊ နေပူတစ်ခါ၊ မိုးအုံ့တစ်လှည့်၊ အချို့ နေရာများတွင် ညက်နေအောင် ထွန်ယက်ထားသည့် လယ်ယာမြေ၊  အချို့နေရာများတွင် စိမ်းစိုနေသည့် စိုက်ခင်းများကို တွေ့ရသည်။

 

မညီမညာတောတန်းများ၊  မို့မောက်နေသည့် ကုန်းကမူများ၊ အတန်းလိုက်စိုက်ပျိုးထားသည့် သစ်ပင်ပန်းပင်များ၊ အချို့နေရာများမှာ နေဘက်သို့မျက်နှာမူကာ ငွားငွားစွင့်စွင့်ပွင့်လန်းနေသည့် နေကြာစိုက်ခင်းများက  သဘာဝ တရားကြီးနှင့် နီးစပ်အောင် စိတ်အစဉ်ကို ဆွဲဆောင်လျက်ရှိသည်။

 

ကိုဗစ်ကာလဖြစ်သည့်အတွက် သင်တန်း ရောက်၍ ကိုဗစ်ပိုးတွေ့ခဲ့သော် စသဖြင့်စိုးရိမ်ပူပန် သည့်အတွေးတို့ကလည်း မောင်းနှင်နေသည့် ကားနှင့်အပြိုင် စိတ်အာရုံတွင် ပြေးလွှားနေသည်။  သုံးနာရီခန့် ခရီးနှင်ပြီးနောက် မြွေလိမ်မြွေကောက် လမ်းနှင့် မှိုင်းညို့နေသည့် တောင်တန်းများက ဆီးကြိုနှုတ်ဆက်နေပြီး  မြေပြန့်မှ လာသူများအတွက်  အမြင်တစ်မျိုးဆန်းကာ တွေးချင်စရာ၊ ဆွေးချင်စရာဖြစ်ခဲ့ရသည်။

 

သို့သော် အချိန်ကြာကြာတွေးခွင့်၊ ငေးမောခွင့် မရလိုက်မီ ၂၃ မိုင်  (ဇီးပင်ကြီးကျေးရွာ) ရှိ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ တစ်လတာခန့် တည်းခိုနေထိုင်ရမည့် ဇီဇဝါဆောင်၌ ခရီးဆောင်အိတ်များ  နေရာချပြီးချိန်တွင်  ကိုဗစ်- ၁၉ ရှိ/မရှိ စစ်ဆေးရန် အကြောင်းကြားလာသည်။ ပိုးတွေ့လျှင်  အိမ်ပြန်ရမည်လားစသဖြင့် သို့လော သို့လောအတွေးတို့က ဖိစီးလာပြီး ရင်ခုန် စိတ်လှုပ်ရှားရပြန်ပါသည်။ အဆောင်အလိုက် ၁၀ ယောက်တစ်တွဲတန်းစီပြီး ကိုဗစ်ပိုး ရှိ/  မရှိ စစ်ဆေး ကြရသည်။

 

Rapid Test Kit တို့အကူအညီကြောင့် မိနစ် အနည်းငယ်အတွင်း ပိုးမရှိကြောင်း အဖြေသိပြီး သက်ပြင်းချနိုင်ခဲ့သည်။ ပိုးတွေ့သူနှင့် Contact များကို ပြန်မလွှတ်ဘဲ ကွာရန်တင်းအဖြစ် သီးခြား အဆောင်၌ထားရှိပြီး လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့သည်ဟု ကြားသိခဲ့ရသည်။

 

 မြေပြင်လက်တွေ့  In House ပေါင်းစပ်ထားသည့် Hybrid သင်တန်း

 

စနေ၊ တနင်္ဂနွေသည် ပိတ်ရက်ဖြစ်သည့်အတွက် အဆောင်တွင် နှစ်ရက်တာနားနားနေနေ နေခွင့်ရခဲ့ပြီး တနင်္လာနေ့မှစတင်ကာ စာသင်ကြားသည့် အစီအစဉ်စတင်မည်ဖြစ်သည်။ အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၆၃) သည် မေ ၂ ရက်မှ စတင်ကာ လေးလတာခန့် အွန်လိုင်းမှသင်ကြား ရပြီး နောက်ဆုံးတစ်လကို မြေပြင်လက်တွေ့ In House ပေါင်းစပ်ထားသည့် Hybrid သင်တန်း ဖြစ်သည်။

 

သင်တန်းသို့ရောက်သည့်အခါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ပြင်းထန်နေသည့်ကာလ ဖြစ်သည့်အတွက် တစ်ပတ်ခန့်အွန်လိုင်းမှသာ ထပ်မံသင်ကြားခဲ့ရပြီး ဆရာ ဆရာမများနှင့် ရင်းနှီး ခင်မင်လိုစိတ်၊ နွေးနွေးထွေးထွေး ထိတွေ့ပြောဆို ကာ ပျော်ပျော်ပါးပါးဆွေးနွေးသင်ယူမည်ဟု အားခဲ ထားသည့်စိတ်ဆန္ဒတို့မှာ မပြည့်ဝသလိုခံစားနေရသည်။

 

သို့သော် ဒုတိယတစ်ပတ်တွင် စာသင်ခန်း၌ လက်တွေ့သင်ကြားမှုတို့ စတင်ခဲ့သည်။ စီမံခန့်ခွဲမှု ပညာရပ်၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေးသိပ္ပံ၊ နိုင်ငံရေး သိပ္ပံ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ အင်္ဂလိပ်စာဘာသာရပ်များကို ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက အာဝဇ္ဇန်းရွှင်ရွှင် စိတ်စေတနာ ပါပါ အင်တိုက်အားတိုက် သင်ကြားပို့ချပေးကြသည်။ စာသင်ကြားနေခြင်းထက် ဝါရင့်စာရေးဆရာကြီး များ၏ စာပေဟောပြောပွဲတစ်ခုကို နားထောင်နေရ သကဲ့သို့ စိတ်အာရုံပျံ့လွင့်ချိန်မရှိ သင်တန်းချိန် တစ်ချိန်ပြီးသွားမှသာ အချိန်နာရီကို သတိပြုမိခဲ့သည်။

 

လူမှုရေးသိပ္ပံဘာသာရပ်တွင် လေ့လာခွင့်ရ

 

ဆရာကြီး ဆရာမကြီးများ၏ ဘာသာရပ်အပေါ်တွင် ဘဝတစ်ခုလုံးမြှုပ်နှံကာ လေ့လာလိုက်စားမှု၊ ကျွမ်းကျင်မှု၊ Professional ပီသမှုတို့ကို သတိပြုမိ ခဲ့ရာ လေးစားအားကျခဲ့ရသည်။ ထိုနည်းတူ ဘဝအောင်မြင်ရေးတွင် မရှိမဖြစ်အရေးကြီးသည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အချက်အလက်များကိုလည်း လူမှုရေးသိပ္ပံဘာသာရပ်တွင် လေ့လာခွင့် ရခဲ့သည်။ လူတစ်ဦးတွင်ရှိနေသည့်အပြောအဆို၊ အနေအထိုင်၊ စိတ်နေစိတ်ထား၊ အများနှင့် ပေါင်းသင်းဆက်ဆံမှုတို့ကို ယေဘုယျအားဖြင့် ကိုယ်ရည်ကိုယ်သွေးဟုအနက်ဖွင့်ပြီး ဘဝတွင် အောင်မြင်မှု၊ ပြည့်စုံချမ်းသာမှု၊ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုရရှိလိုလျှင် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ရန် လိုအပ်ကြောင်း သင်ယူခဲ့ရသည်။

 

မိဘများ၏ ဗီဇအမွေခံကောင်းများ၊ ဆရာ သမားများ၏ သွန်သင်ဆုံးမမှုများ၊ ဆက်ဆံရေး ပတ်ဝန်းကျင် စသည့်အချက်များသည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုအပေါ် လွှမ်းမိုးနိုင်သည့် အချက်များဖြစ်ကြောင်း သိရှိနားလည်ခဲ့သည်။

 

ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုအပေါ် လွှမ်းမိုးနိုင် သည့်အချက်များတွင် ဆရာသမားကောင်းများ၏ ဆုံးမသွန်သင်မှုများကြောင့်လည်း ကလေးတစ်ဦး၏ အမူအကျင့်၊ ဓလေ့စရိုက်များ ပြောင်းလဲကာ လိမ္မာ ယဉ်ကျေးသူ၊ ကိုယ်ကျင့်တရားကောင်းသူ၊ ကိုယ်ရည်ကိုယ်သွေးကောင်းသူ တစ်ဦးအဖြစ် ပြောင်းလဲလာနိုင်သည်။ ငယ်ရွယ်စဉ်က မကောင်း သောဗီဇမျိုးစေ့ မည်သို့ပင်ရှိစေကာမူ ဆရာသမား တို့၏ ဆုံးမသွန်သင်မှုများသည် ကလေးများ၏ သဘောထား၊ အပြုအမူ၊ အတွေးအခေါ်တို့ကို လွှမ်းမိုးစေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းသူအဖြစ် ဘဝတိုးတက်အောင်မြင်နိုင်ကြောင်း လေ့လာခွင့်ရခဲ့သည်။

 

အပြုအမူတစ်ခု စွဲမြဲကျင့်သုံးသည့်အခါ အလေ့ အကျင့်ဖြစ်လာပြီး အလေ့အကျင့်မှဗီဇ၊ ဗီဇမှ ကိုယ်ရည်ကိုယ်သွေးဖြစ်လာသည်။ ဗီဇနှင့် ပတ်ဝန်းကျင်သည် ခွဲခြား၍မရနိုင်သလို ၎င်းရပ်တည်ရှင်သန်နေရသည့် ဆက်ဆံရေးပတ်ဝန်း ကျင်သည်လည်း ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု အပေါ် လွှမ်းမိုးနိုင်သည်ကို တွေ့ရသည်။

 

ထိုအချက်ကို ငယ်စဉ်ကသင်ယူခဲ့ရသည့် ကျေးညီနောင်ပုံပြင်တွင် ရသေ့တို့၏ကျောင်းသင်္ခမ်းသို့ ရောက်ရှိသွားသည့် ကျေးနှင့် ခိုးသားတို့ထံသို့ ရောက်ရှိသွားသည့်ကျေး၏ သာဓကတို့ကို ထုတ်နုတ်တင်ပြခဲ့ရာ စိတ်အာရုံတွင် စွဲမြဲမှတ်မိခဲ့သည်။

 

ကောင်းမွန်သည့် ဝန်းကျင်ကောင်းတစ်ခု

 

လူ၏ မူလသဘာဝသည် စိတ်ထားမွန်မြတ်ခြင်း၊ ဖြူစင်ကောင်းမွန်ခြင်း၊ အတ္တနှင့်ပရမျှတခြင်း တို့ရှိကြသည်။ တွန်းတိုက်ပါများလျှင် ကျောက်စိုင်ကျောက်သားပင် ပွန်းပဲ့တတ်ရာ လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုဒဏ်ကြောင့် လူသည်လည်း စိတ်ဆိုးစိတ်ယုတ်များ၊ ကောက်ကျစ်ရိုင်းစိုင်း ရက်စက်တတ်သည့် စိတ်နေစိတ်ထားများ ပြောင်းလဲလာနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးညံ့သူဖြစ် လာနိုင်ရာ လူတစ်ဦးအတွက် ကောင်းမွန်သည့်ဝန်းကျင်ကောင်း တစ်ခုဖန်တီးပေးနိုင်ရန်မှာ အရေးပါသည့်အခန်း ကဏ္ဍတစ်ခုဖြစ်ကြောင်း လေ့လာခွင့်ရခဲ့သည်။

 

လုပ်ငန်းခွင်သည် မိမိ၏ဒုတိယမိသားစုဟု ပြောနိုင်ပြီး မိမိတို့လုပ်ငန်းနယ်ပယ်တွင် အထက်အောက်၊ ဘေးတိုက် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံနေကြရသည်။ မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင် မတူညီသည့်အခါ အသိဉာဏ်၊ စိတ်နေစိတ်ထား၊ ဝါသနာ၊ ဗီဇ၊ စရိုက်၊ ကိုယ်ရည်ကိုယ်သွေးများ မတူညီနိုင်သည့်အတွက် ကိုယ်ချင်းစာတရား၊ စာနာနားလည်သည်းခံမှုတို့ဖြင့် ဌာန၏ရည်မှန်းချက်များကို အကောင်အထည်ဖော် ကြရမည်ဖြစ်ကြောင်းကိုလည်း သိမြင်လာခဲ့သည်။

 

ထို့ပြင် လူတိုင်းတွင် အရေးကိစ္စအဝဝဖြင့် အဆင်မပြေမှုများ ရှိနေတတ်သည်။ ထိုသို့ အဆင် မပြေမှုများ၊ အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေချိန်တွင် လုပ်ငန်းခွင်၌ အများနှင့် ပြောဆိုဆက်ဆံ ရသည့်အခါ မိမိကိုယ်ကိုဗဟိုပြု အတ္တကိုရှေ့တန်းတင်ကာ ပြောဆိုဆက်ဆံ နေမှုများကလည်း ကိုယ်ရည်ကိုယ်သွေးကောင်းသူတစ်ဦး၏ စရိုက် လက္ခဏာမဟုတ်ကြောင်း လေ့လာခွင့်ရခဲ့သည်။

 

ဘဝအောင်မြင်ရေးအတွက် အရေးကြီးသည့်နည်းလမ်း

 

လူသားတစ်ဦးလိုက်နာရမည့် ကိုယ်ကျင့်တရား ဆိုင်ရာအခြေခံအချက်များနှင့် မိမိ၏အပြုအမူ၊ စကားတစ်ခွန်းကြောင့် သူတစ်ပါးမနာကျင်ရအောင်၊ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ကိုယ်ချင်းစာတရားဖြင့် ဆင်ခြင်ပြုမူ နေထိုင်ခြင်းကလည်း ဘဝအောင်မြင်ရေးအတွက် အရေးကြီးသည့်နည်းလမ်း တစ်ခုဖြစ်ကြောင်း နားလည်ခဲ့ရသည်။

 

ထို့ပြင် လုပ်ငန်းတစ်ခု၏ ရည်မှန်းချက်များ အောင်မြင်ရန် အသင်းအဖွဲ့စိတ်ဓာတ်သည် အရေးကြီးကြောင်း၊ အသင်းအဖွဲ့တွင် စီမံခန့်ခွဲသူသည် Know your men ဆိုသည့်အတိုင်း မိမိလူများ၏ လူပုဂ္ဂိုလ်အလိုက်ခြားနားမှုများ၊ အရည်အသွေးနှင့် စွမ်းဆောင်ရည်များကို အကဲခတ်တတ်ပြီး လူမှန် နေရာမှန်ထားတတ်ရန် လိုအပ်ကြောင်းကိုလည်း ဗဟုသုတအဖြစ် မှတ်သားမိခဲ့သည်။

 

ခေါင်းဆောင်မှုဆိုသည်မှာ ရည်မှန်းချက် ပန်းတိုင်ရောက်ရှိရန် လူအများကို ဦးဆောင်ဦးရွက် ပြုရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ခေါင်းဆောင် ကောင်းတစ်ဦးသည် လက်အောက်ဝန်ထမ်းများက ပြစ်ဒဏ်တစ်စုံတစ်ရာကို ကြောက်ရွံ့၍ လုပ်ဆောင် ခြင်းထက် ၎င်းတို့စိတ်ဆန္ဒအရ လုပ်ကိုင်ဆောင်ရွက် ချင်လာအောင် စည်းရုံးဆွဲဆောင်နိုင်စွမ်း ရှိသူဖြစ်ရမည်။

 

အခြားလူများထက် မိမိလုပ်ငန်း၊ ဌာနအဖွဲ့ အစည်းတိုးတက်ရေးအတွက် ပိုမိုတွေးခေါ်မြော်မြင် နိုင်စွမ်းရှိသူ ဖြစ်ရမည်ဖြစ်သည်။ ခေါင်းဆောင် တစ်ယောက်အနေဖြင့် မိမိအယူအဆကသာ မှန်သည်ဟု ဆုံးဖြတ်၍မရဘဲ မိမိမမြင်နိုင်သည့် အခြားသူများ၏ ရှုထောင့်အမျိုးမျိုးကလည်း သုံးသပ်ဆုံးဖြတ်နိုင်ရမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ခေါင်းဆောင်မျိုးအုပ်ချုပ်သည့် ဌာနအဖွဲ့အစည်းသည် အောင်မြင်တိုးတက်မည်ဖြစ်ကြောင်း Leadership နှင့်ပတ်သက်၍ စီမံခန့်ခွဲမှုဘာသာရပ် တွင် လေ့လာခဲ့ရသည်။

 

သင်တန်းမှ မွေးမြူပေးခဲ့

 

ထို့ပြင် ပင်ကိုနိုးကြားတက်ကြွသည့် အသိစိတ်ဓာတ်ဖြင့် စုပေါင်းပါဝင်ပူးပေါင်းလုပ်ဆောင် တတ်သည့် ဝသီအလေ့အထစွဲမြဲရန်၊ စည်းကမ်း လိုက်နာပြီး အမိန့်နာခံတတ်သည့် အလေ့အကျင့် ကောင်းများစွဲမြဲရန်၊ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိစေရန်အတွက် ကာကွယ်ရေးဘာသာရပ်များကိုလည်း လေ့လာခွင့်ရခဲ့သည်။ ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာမှု ရရှိခြင်း၊ လျင်မြန်မှုအလေ့အကျင့်၊ ဇွဲလုံ့လဝီရိယ ရှိစေသည့်အလေ့အကျင့်နှင့် ရဲဘော်ရဲဘက် စိတ်ဓာတ်များကိုလည်း သင်တန်းမှ မွေးမြူပေးခဲ့သည်။

 

နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဆိုသလို သင်တန်းဆင်းခါနီး တစ်ရက်အလို၌ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်ပါမောက္ခချုပ်က ပြည်သူလူထုအခြေပြု သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ခိုင်မာ အားကောင်းလာအောင် Public Administration Reform ပြုလုပ်ရန်လိုအပ်ပုံ၊ ပြုလုပ်ရာတွင် ချိန်ဆဆောင်ရွက်ရမည့် အဓိကအကြောင်းအရာများကို ဆွေးနွေးပို့ချပေးခဲ့ပြီး ဝန်ထမ်းအဖွဲ့အစည်းများ အားကောင်းလာအောင် Service Reform နှင့် Performance Reform ပြုလုပ်ရန် လိုအပ်ချက် များကို အုပ်စုများခွဲ၍ ဆွေးနွေးစေခဲ့သည်။

 

ထို့ပြင် စာပေဆိုင်ရာ ပညာဗဟုသုတများအပြင် အများနှင့်နေထိုင်သည့်အခါ မေတ္တာဖြင့်နေရမည် ဆိုသည့်ထုံးကို နှလုံးမူနိုင်အောင် သင်တန်းမှသင်ယူ ခွင့်ရခဲ့သည်။ မတူညီသည့်နေရာ၊ ဒေသ၊ နယ်ပယ် များမှလာသလို အသက်အရွယ်အမျိုးမျိုး၊ လူ အမျိုးမျိုး စိတ်အထွေထွေဖြင့် ကြုံဆုံရသည့်အခါ “ဝမ်းသာစရာအကြောင်းကို ရှာတတ်လျှင် ဝမ်းသာ စရာအကျိုးဖြစ်ပေါ်၏” ဆိုသည့်အတိုင်း ဘယ်အရာ မဆို အကောင်းမြင်စိတ်ဖြင့် ရှုမြင်သုံးသပ်ပြီး ညှိညှိ နှိုင်းနှိုင်းပေါင်းစပ်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကိုလည်း သင်တန်းမှ ရရှိခဲ့သည်။

 

သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေထိုင်တတ်သည့် စည်းစနစ်မျိုးစေ့တို့ ရရှိလာခဲ့

 

အခန်းအတွင်း အိပ်ဆောင်ခင်းကျင်းမှု စစ်ဆေး ၍ Kit ထိလျှင် အမှတ်လျော့မည်ကိုကြောက်သည့် အတွက် ဆံချည်မျှင်တစ်မျှင်မရှိရအောင်၊ အဝတ် အစားများ အခန်းအတွင်း ဖရိုဖရဲမဖြစ်ရအောင် နံနက်စောစောကြိုတင်ထကာ အခန်းအတွင်း၊ အပြင်နှင့် အဆောင်တွင် အဆိုင်းများခွဲကာ သန့်ရှင်းရေးလုပ်ရခြင်းက သင်တန်း တက်ရောက်နေစဉ်အတွင်း စိတ်ဖိစီးမှုတစ်ခု ဖြစ်ခဲ့သော်လည်း မိမိ နေအိမ်ပြန်ရောက်သည့်အခါ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေထိုင်တတ်သည့် စည်းစနစ်မျိုးစေ့တို့ ရရှိလာခဲ့ပြီဖြစ်သည်။

 

ထို့ပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး)နှင့်တွဲ၍မေ့မရသည်က ဈေးဆိုင်တန်းက ထောပတ်သီးဖျော်ရည်နှင့် ဆန်ခေါက်ဆွဲပင်ဖြစ်သည်။ ကိုယ့်ရပ်ရွာသို့ ပြန်လည်ရောက်ရှိပြီး သတိရ၍ စားသောက်သည့်အခါ ဇီးပင်ကြီး ဈေးဆိုင်တန်းမှ အရသာမျိုးမရနိုင်သည့်အတွက် တစ်မျိုးလေး လွမ်းဆွတ်ရပြန်သည်။

 

ထူးခြားချက်တစ်ခုက မည်သည့်အသက်အရွယ် မဆို သင်တန်းတက်ရောက်ရန် ရောက်ရှိလာ သည့်အခါ ငယ်စဉ်က ကျောင်းသားဘဝကို ပြန်လည်ရောက်ရှိသွားသလို စိတ်လွတ်လပ်ပေါ့ပါး ကာ ပျော်ရွှင်ကြရခြင်းဖြစ်သည်။

 

အသိပညာ၊ အတတ်ပညာအမွေများကို လက်ဆင့်ကမ်းလျက်ရှိ

 

အမိကျောင်းတော်ကြီးသည် နိုင်ငံ့ဝန်ထမ်းများ အတွက် Hybrid Learning စနစ်ဖြင့် အရာထမ်း ငယ်သင်တန်း၊ အရာထမ်းအခြေခံသင်တန်း၊ အလယ်အလတ်အဆင့်သင်တန်းများကို ဖွင့်လှစ်ကာ နိုင်ငံ့ဝန်ထမ်းများ၏ကျင့်ဝတ်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် မကုန်ခန်းနိုင်သည့် အသိပညာ၊ အတတ်ပညာအမွေများကို လက်ဆင့်ကမ်းလျက်ရှိသည်။

 

ခွက်သေးသေးနှင့် ခံယူလျှင် နည်းနည်းသာရမည်။ ခွက်ကြီးကြီးနှင့်ခံယူလျှင် များများရမည်။ မိမိခံယူသည့် ခွက်အရွယ်အစားအပေါ်မူတည်ပြီး ပညာအမွေ၊ အသိအမြင်ဗဟုသုတများ ရရှိမည် ဖြစ်ကြောင်းကို သင်တန်းကာလအတွင်း ဆရာ ဆရာမတို့ ပြောကြားခဲ့သည့်စကားတို့ကလည်း စိတ်ထဲစွဲမြဲမှတ်သားမိခဲ့သည်။

 

ပြော၍မကုန် ကြုံဖူးမှသိဆိုသကဲ့သို့ နိုင်ငံ့ ဝန်ထမ်းတစ်ဦးအတွက် များပြားလှသော ပညာဗဟု သုတများကို ဖြည့်စွမ်းပေးခဲ့သည့် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်ကို ကဗျာလေးဖြင့် ဤသို့ဂုဏ်ပြုရင်း နိဂုံးချုပ်လိုပါသည်။

 

“ကသုတ်ကရက်နဲ့ ရုတ်တရက်နှုတ်ဆက်ခဲ့ရပေမယ့် အမေ့ခက်သမို့ လွမ်းနေဦးမယ် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်” ဟုသာ။